ကချင်ဗိုလ်သင်တန်းကျောင်းပစ်ခတ်ခံရမှု ဖြစ်ရပ်မှန်ထုတ်ဖော်ထုတ်ရန် အဖွဲ့ချုပ်တောင်းဆို
DVB
·
November 24, 2014

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရပြီး တိုင်းရင်းသားဗိုလ်လောင်းသင်တန်းသားတွေ ကျဆုံးသွားခဲ့ရမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကိုထုတ်ဖော်ကာ ထိခိုက်နစ်နာသူတွေ ကျေနပ်အောင် ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အိုဌာနချုပ်လိုင်ဇာ မှာရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေက အရာရှိလောင်း လူငယ် ၂၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။
အန်အယ်လ်ဒီရဲ့ကြေညာချက်မှာတော့ သင်တန်းသားတွေကျဆုံး ဒဏ်ရာရမှုအတွက် လွန်စွာ ၀မ်းနည်းရတဲ့အကြောင်း တပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ ဖြစ်ရပ်တွေမဖြစ်ပေါ်စေဖို့ နှစ်ဖက်တပ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ဖော်ပြထားပါတယ်။
ပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည်ပေါင်းများစွာဖြစ်ပေါ်လာခဲ့ပြီး ပြသနာမဖြေရှင်းနိုင် ခုဖြစ်ရပ်ကြောင့် ဒုက္ခသည်တွေ ဗူးလေးရာဖရုံဆင့်လိုဖြစ်ပွားမည်ကို လွန်စွာစိုးရိမ်မိကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လက်နက်နဲ့ ဆောင်ရွက်တာကို စားပွဲဝိုင်းထိုင်ပြေ လည်အောင် ဆွေးနွေးခြင်းဖြစ်တယ်ဆိုတာ သတိပြုဖို့လည်း အန်အယ်လ်ဒီပါတီက တိုက်တွန်းထားပါတယ်။
ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကြေညာထား ပြီး မြန်မာအစိုးရကတော့ သတိပေးတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒီဖြစ်ရပ်အပေါ် ပြန်လည်တုံ့ပြန်ထားပါတယ်။
