DVB Logo
Home
မြန်မာသတင်း
အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း ၂၀ ကျဆုံး
DVB
·
November 19, 2014
အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း ၂၀ ကျဆုံး
Donate to DVB

ကချင်ပြည်နယ် ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်း သား ၂၀ ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့ ကေအိုင်အေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

Lizaဒီကနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ စစ်ရေး လေ့ကျင်နေတဲ့ အရာရှိငယ် သင်တန်းသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ကုသခဲ့သလို ဒဏ်ရာ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

“ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဖြစ်စဉ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မနက် ဖြစ်စဉ်မှာ လည်း တိုက်ပွဲဖြစ်တာလည်း အဲဒီဒေသတလျှောက်မှာ၊ ၈ နာရီခွဲ ၉ နာရီမှာဖြစ်တဲ့ မိနစ် ၂၀ တိုက်ပွဲဟာလည်း ဗိုလ်လောင်းသင်တန်းရဲ့ မိုင် ၆ မိုင်လောက်ရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ကန်တောင်ရွာကနေ လက်နက်ကြီးပစ်ကူပေးသေးတယ်။ ၁၂ နာရီ ၃၆ မိနစ်လောက်မှာ ခယာဘွမ်က နေပြီးတော့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းကို ပစ်မှတ်ကို တိကျသေချာအောင် ချိန်ပြီး ပစ်ခတ်တာပါ။ အဲဒါကြောင့် စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတုန်း သွားပြီးတော့ ထိမှန်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က တော်တော်လေး အထိအခိုက် အကျအဆုံးများတယ် ”လို့ ဦးလနန်က ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီ ပတ်ဝန်းကျင်မှာ ဟူပင်ဒေသ အနီးမှာ ကေအိုင်အေ တပ်ရင်း ၂၆ နဲ့ အစိုးရ ခြေလျင်တပ်ရင်း ခလရ ၆ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ၈ နာရီပတ်ဝန်းကျင်မှာလည်း ကေအိုင်အေ ဗဟိုဌာနချုပ်ရဲ့ အထက်မှာရှိတဲ့ တပ်စခန်းတချို့ကို ခြေမြန်တပ်ရင်း ၃၈၄ က ၀င်ရောက်တိုက်ခိုက် ခဲ့သလို ခမရ ၃၉၀ ကနေပြီး ကန်ဒေါင်ယောင် ကေအိုင်အေစခန်းကို ၀င်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ခယာဘွမ်ဟာ ၂၀၁၂ ခုနှစ် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတဲ့နောက် အစိုးရက လေယာဉ်နဲ့ တိုက်ခိုက်သိမ်း ယူသွားတဲ့ တောင်ကုန်းဖြစ်သလို ဝေကြိုင်ဘွမ်နဲ့ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတဲ့နေရာမှာရှိတာပါ။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်တဲ့ အဖွဲ့တွေကိုလည်း အကြောင်းကြားထားပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေအပေါ် ထိခိုက်မှု ရှိမရှိ ပြောဖို့ စောသေးတယ်လို့ ကေအိုင်အေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013