Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်တွင် စစ်ဆေးရေး ကြန့်ကြာမှုကြောင့် ကုန်သည်များ နစ်နာ
DVB
·
November 19, 2014
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မှာ တာဝန်ရှိသူတွေရဲ့ ယာဉ် စစ်ဆေးမှု ကြန့်ကြာတဲ့အတွက် နယ်စပ်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးပြီး ကုန်သည်တွေ နစ်နာနေရတယ်လို့ မူဆယ် ကုန်စည်ဒိုင်က ပြောပါတယ်။ 115 Muu Salဆန်၊ ပဲပြောင်းနှမ်းနဲ့ သစ်သီးဝလံစတဲ့ ပို့ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တွေကို ၂၄ နာရီထက်ကျော်လွန်ပြီး စစ်ဆေးမှု ကြန့်ကြာတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိနေတာပါ။ ၁၀၅ မိုင်မှာ စစ်ဆေးတဲ့စနစ် အပြောင်းအလဲကြောင့်  အခုလို ကြန့်ကြာနေရတာ ဖြစ်ပြီး မန္တလေးကနေ ၁၀၅ မိုင်ကို ရောက်ဖို့အတွက် ၁ ရက်ခွဲ ၂ ရက်နီးပါး မောင်းရသလို မူဆယ်နဲ့ ၇ မိုင်ခန့်သာ ဝေးတဲ့ ၁၀၅ မိုင်မှာ စစ်ဆေးဖို့ ၂ ရက် လောက်ကြန့်ကြာနေတယ်လို့ မူဆယ် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောပါတယ်။ “စနစ်တွေက ခဏခဏ ပြောင်းလဲနေတာပေါ့နော်။ အခြေတခု ကျပြီလို့ မဆိုလိုက်နဲ့ လူတယောက်ပြောင်းပြီ မူတခုပြောင်းပြီဆိုတာနဲ့ ကျနော်တို့ ကုန်သည်တွေက လိုက်လုပ် နေရတာပေါ့။ သူတို့ရဲ့ စနစ်တွေအပေါ်မှာ လိုက်လုပ်နေရတာ ကျနော်တို့နဲ့ သဟဇာတ လိုက်လျောညီထွေ ဖြစ်လား၊ မဖြစ်လား သူတို့ မသိဘူး။ သွားရောက် ညှိနှိုင်းတာ ရှိတယ်။ ဒီလိုဆို အဆင်မပြေဘူး။ ဒီလိုလေးလုပ်ပေးပါဆိုလည်း အထက်က အမိန့်ချထားတာ ကျနော် တို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ စကားမျိုးပဲ ပြန်တုံ့ပြန်တယ်။” ဒါ့အပြင် အ၀င်အထွက် ၁ ထောင်ကျော်ရှိတဲ့ ကုန်ကားတွေကို တနေ့ကို ၃ ကြိမ်သာ မဲနှိုက် စစ်ဆေးသလို ဒီလို စစ်ဆေးပြီးအထွက်မှာ ကံမကောင်းပါက Moblie Teamက ထပ်မံ စစ်ဆေးတာ ကြုံရတယ်လို့ သူက ပြောပါတယ်။ ဒီအတွက် ကုန်စည် စီးဆင်းမှုများပြားလာတဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ နေ့စဉ်  ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနေပြီး ဒီအခြေအနေအတွက် လုပ်ငန်းရှင်နဲ့ ကုန်စည်ဒိုင်က ကုန်သည်တွေက တင်ပြပေမယ့် ဌာနဆိုင်ရာတွေက တာဝန်ယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ ဆန်တင်ကားတွေ ၁၀၅ မိုင်မှာ ကြန့်ကြာရတဲ့အကြောင်းအရင်းက ဆန်အပေါ် ပိုးမွှား ထောက်ခံချက်ကို ၁၀၅ မိုင် စခန်းက ကားကွင်းထဲ မရောက်မချင်း စိုက်ပျိုးရေးဝန်ကြီးဌာနက မထုတ်ပေးသလို ဒီထောက်ခံချက်ရမှ အကောက်ခွန်ဂျုတီဆောင်ရပြီး ဆောင်တဲ့ နေရာမှာလည်း များပြားတဲ့ ဂျူတီတွေကြောင့် ဖြစ်တယ် ဦးချမ်းသာဦးက ရှင်းပြပါတယ်။ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုပမာဏဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၆၀၉ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024