DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ သမဂ္ဂအဆောက်အအုံဟောင်းတွင် တိုင်တည်သစ္စာပြု
DVB
·
November 15, 2014
သပိတ်မှောက်ကျောင်းသားများ သမဂ္ဂအဆောက်အအုံဟောင်းတွင် တိုင်တည်သစ္စာပြု
Donate to DVB

အမျိုးသားပညာရေး ဥပေဒကို သပိတ်မှောက်ထားတဲ့ ရာနဲ့ချီတဲ့ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက တက္ကသိုလ်သမဂ္ဂအဆောက်အအုံဟောင်းမြေနေရာကို ကျော်ဖြတ်ဝင်ရောက်ပြီး တိုင်တည်သစ္စာပြုခဲ့ကြပါတယ်။

studentကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒုတိယနေ့အနေနဲ့ ဒီန့ နေ့လယ် ၁၂ နာရီးဝန်ကျင်က ရန်ကုန်မြို့ ၈ မိုင် သမိုင်းလမ်းဆုံကနေ စတင်စုစည်းကာ ရန်ကုန်-အင်းစိန် လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီးနောက် သမဂ္ဂအဆောက်အအုံဟောင်း မြေနေရာကို ၀င်ရောက်ခဲ့တာပါ။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြောခွင့်ရ ရဲရင့်ကျော်က “ရန်ကုန်တက္ကသိုလ်ဧရိယာထဲကို ကျနော်တို့ ကျော်လွှားပြီးဝင်ခဲ့တယ်။ အဲ့ဒီမှာ သမဂ္ဂအဆောက်အအုံမြေကွက်လပ်မှာရှိတဲ့ ဗိုလ်အောင်ကျော်အုတ်ဂူမှာ သမဂ္ဂအလံလွှမ်းပြီး အလေးပြုတယ်၊ ကြေညာချက် ဖတ်ကြားတယ်။ နောက် ခေတ်အဆက်ဆက်ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို အလေးပြုတယ်၊ ၀မ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်တယ်၊ ၄၅ မိနစ်လောက်ကြာ လုပ်ဆောင်ခဲ့ကြပြီး ကျောင်းဝင်းထဲက ပြန်ထွက်ခဲ့ပါတယ်” လို့ ပြောပါတယ်။

လမ်းတလျှောက်မှာလည်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရတဲ့ အကြောင်းအရင်းတွေကို ကျောင်းသားတွေက ဟောပြောပြီး မနက်ဖြန် ကျရောက်မယ့် အမျိုးသားနေ့မှာ တမျိုးသားလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။

သပိတ်မှောက် ကျောင်းသားတွေဟာ ဒီကနေ့ ညနေ ၄ နာရီအချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ထဲကနေ ပြန်လည်ထွက်ခွာလာကြပြီး လှည်းတန်းမှာ ခေတ္တာခဏ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတယ်လို့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကျော်ကိုကိုက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ကျောင်းသား ၂၅၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်တစုံတရာ ရယူခြင်းမရှိဘဲ ပြုလုပ်တာဖြစ်ပြီး ဖြစ်လာတဲ့အရာတွေ အားလုံးကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ် လာရောက် တားဆီးတာမျိုး မရှိဘဲ လုံခြုံရေး ရဲတွေကိုလည်း အနီးဝင်းကျင်မှာ မတွေ့ရဘူးလို့ လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ဆန္ဒပြသပိတ်မှောက်သူတွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းယူနေသူတွေတော့ ရှိတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ရန်ကုန်မြို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ၂ ရက်တာပြုလုပ်ပြီးနောက် သပိတ်မှောက်ကြောင်း ကြေညာခဲ့ပြီးနောက် အခုလို ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒီပညာရေးဥပဒေဟာ လူ့အခွင့်အရေး တန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မရှိသလို ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်တာနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေတဲ့အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးထားသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားပြီး ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်ပြီး အဖိနှိပ်ခံ ပညာရေးစနစ်သာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013