ဂျီ ၂၀ ထိပ်သီး အစည်းအဝေးတွင် ယူကရိန်း-ရုရှားအရေး ဆွေးနွေးဖွယ်ရှိ

ဂျီ ၂၀ ထိပ်သီး အစည်းအဝေးမှာ ယူကရိန်းနဲ့ ရုရှားတို့ကြားက ပဋိပက္ခကိစ္စ အဓိက ဆွေးနွေး ဖြစ်ဖွယ် ရှိပါတယ်။ ဂျီ ၂၀ ထိပ်သီး အစည်းအဝေးတက်ဖို့အတွက် အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် သက်ဆိုင်ရာ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ သြစတြလျးနိုင်ငံမှာ ရောက်နေကြပါတယ်။ အမေရိကန် သမ္မတကို တင်ဆောင်ထားတဲ့ အဲ့ဖို့စ် ၀မ်း လေယာဉ်ဟာ သြစတြေလျး နိုင်ငံ တော်ဝင် လေတပ်စခန်းကို ဒီနေ့ မနက်ပိုင်းက ဆိုက်ရောက်ပါတယ်။ ဂျီ ၂၀ အစည်းအဝေးမှာ သမ္မတ အိုဘားမားက ရာသီဥတု ပြောင်းလဲမှုကို ဆင်းရဲတဲ့ နိုင်ငံတွေ ရင်ဆိုင်နိုင်ဖို့အတွက် အကူအညီငွေ အမေရိကန် ဒေါ်လာ သန်း ၃ ထောင်ပေးဖို့ ကြေညာဖွယ် ရှိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒီတပတ်အစောပိုင်းမှာလည်း အိုဘားမားဟာ တရုတ်နဲ့ ရာသီဥတု ဆိုင်ရာ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ သဘောတူညီချက်အရ အမေရိကန်က ၂၀၂၅ ခုနှစ် အရောက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချမှာ ဖြစ်ပြီး တရုတ်ကလည်း ၂၀၃၀ နောက်ပိုင်းကျရင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ပြန်လျှော့ချရမှာ ဖြစ်ပါတယ်။ ဘရစ္စဘိန်းမြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပမယ့် ဂျီ ၂၀ အစည်းအဝေးမှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု၊ ကမ္ဘာ့ဘဏ်စနစ် မီးဘေးအာမခံနဲ့ ဧရာမ ကုမ္ပဏီကြီးတွေရဲ့ အခွန်တိမ်းရှောင်နိုင်တဲ့ ကယ်ပေါက်တွေကို ပိတ်ဖို့ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကျရင် ကမ္ဘာ့စီးပွားရေး ၂ ရာခိုင်နှုန်း တိုးတက်ဖို့နဲ့ အလုပ်အကိုင် သန်းနဲ့ချီ ဖန်တီးနိုင်ဖို့အတွက် သြစတြေးလျက တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဂျီ ၂၀ အဖွဲ့မှာ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီ အာရေးဗီးယား၊ တောင်အာဖရိက၊ တူရကီ၊ အမေရိကန် ပြည်ထောင်စု စတဲ့ ၁၉ နိုင်ငံနဲ့ ၂၈ နိုင်ငံ ပါဝင်တဲ့ အီးယူတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ၂၀၀၈ စီးပွားရေး ပျက်ကပ်နောက်ပိုင်းမှာ ဂျီ ၂၀ ခေါင်းဆောင်တွေဟာ ပုံမှန် အစည်းအဝေးတွေမှာ စီးပွားရေးအရ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ကန့်သတ်ချက်တွေကို လျှော့ချဖို့ ပုံမှန်ကတိပြုလေ့ရှိပါတယ်။ ဒါကြောင့် ဘရစ္စဘိန်းမှာ ကျင်းပမယ့် အစည်းအဝေးမှာလည်း နောက်ထပ် ကတိက၀တ်တွေကို တိုးမြှင့်ဖွယ် ရှိတယ်လို့ ကုန်သွယ်ရေး သံတမန်တွေက ခန့်မှန်းနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up