အမေရိကန် ငြိမ်းချမ်းရေးတပ် မြန်မာကို စေလွှတ်မည်

1.5K
အမေရိကန် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးတပ်ဖွဲ့တဖွဲ့ကို လာမယ့်နှစ် မြန်မာနို်င်ငံကို စေလွှတ်မယ်လို့ သမ္မတ အိုဘားမားက မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ မြန်မာစကား ဓလေ့ထုံးစံနဲ့ နည်းပြညာပိုင်းရာ လိုအပ်ချက်တွေကို ၃ လကြာ သင်ယူ မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ ၂ နှစ်ကြာ ကူညီဆောင်ရွက်မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား အားကောင်းတဲ့ ပူးတွဲ လုပ်ဆောင်မှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို ဒီအစီအစဉ်က နောက်ထပ် သက်သေပြလိုက်တာလို့ သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအစီအစဉ်ရဲ့ ရည်မှန်းချက်တစိတ်တပိုင်းကတော့ အမေရိကန်လူထုနဲ့ တခြားနိုင်ငံတွေက လူထုအကြောင်း နားလည်မှု ပိုရလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
peace Corps အစီအစဉ်ကို ၁၉၆၁ ခုနှစ်မှာ စတင် ထူထောင်ကတည်းကစလို့ ကမ္ဘာတ၀န်း လုပ်အားပေးပေါင်း ၂၂၀,၀၀၀ နီးပါးကို စေလွှတ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ ကူညီ လုပ်ဆောင်ပေးကြပါတယ်။
မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ်မှာ ပါဝင်တဲ့ ၁၄၁ ခု မြောက် နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့သန္နိဋ္ဌာန်ကို အကောင်းဆုံးဖော်ပြဖို့ လူထုအချင်းချင်း ဆက်သွယ် လုပ်ဆောင်တာမျိုးကနေတဆင့် ဖော်ပြတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူးလို့ အိမ်ဖြူ တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

