DVB Logo
Home
မြန်မာသတင်း
အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး မြန်မာက မလေးရှားနိုင်ငံကိုလွှဲပြောင်းပေးအပ်
DVB
·
November 13, 2014
အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး မြန်မာက မလေးရှားနိုင်ငံကိုလွှဲပြောင်းပေးအပ်
Donate to DVB

အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို တရားဝင်လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပိတ်ပွဲမှာ သမ္မတ ဦးသိန်းစိန်က မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ထံ အခမ်းအနားနဲ့ တာဝန်လွှဲပြောင်းပေးအပ်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဘရူနိုင်းနိုင်ငံဆီကနေ လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။

asean-community-2015-01052014မြန်မာအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်မှာ “ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ” ဆောင်ပုဒ်နဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကြီး ၂ ခု အပါအ၀င် အခြားအစည်းအဝေးပေါင်း ရာနဲ့ချီပြီး လက်ခံကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာအရ ပြောရင် တချိန်က အာဆီယံ ဥက္ကဋ္ဌရာထူးကို ကျနော်တို့ ထမ်းဆောင်ဖို့ အတွက် ကန့်ကွက်ခံနေရတဲ့ ဘ၀ကနေ အားလုံးက ၀ိုင်းဝန်းထောက်ခံပြီးတော့ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူခဲ့တယ်။ ရယူခဲ့တဲ့အခါမှာလည်း ၁ နှစ်ပတ်လုံး အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့ပြီးတော့မှ ဒီအစည်းအဝေးကြီးဟာ နောက်ဆုံး ပန်းဝင်တဲ့ အစည်းအဝေးကြီး ပေါ့။ ဒီလိုမျိုး လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံနဲ့ လူမျိုးအတွက် ကျနော်တို့ ဂုဏ်သိက္ခာ တက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို ၁၉၆၇ ခုနှစ်မှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဒေသတွင်း ကွန်မြူနစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ခုလို ထိပ်သီးအစည်းအဝေးပွဲကျင်းပနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားက ‘သမ္မတကြီးရဲ့ ဧည့်ဝတ်ကျေပွန် ပျူငှာမှုနဲ့ ခုလို ထူးထူးကဲကဲ ထိပ်သီးအစည်းအဝေးကို အတူဆောင်ကျဉ်းပေးတဲ့အတွက် ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို ထူးထူးကဲကဲ စွမ်းဆောင်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးရဲ့ အတိမ်းအစောင်း၊ အထိအခိုက် မခံတဲ့ အရေးကြီးကိစ္စရပ်တွေမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပြသနိုင်ခဲ့တယ်’ လို့ ဒီမနက် နေပြည်တောမှာ ကျင်းပတဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး အကြိုမိန့်ခွန်းမှာ ချီးကျုးစကားပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အက္ခရာစဉ်အရ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ၂၀၀၆ ခုနှစ်မှာ အလှည့်ကျခဲ့ပေမယ့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်အပါအ၀င် နိုင်ငံတကာရဲ့ ဖိအားပေး ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရတဲ့အတွက် အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013