DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဖျက်သိမ်းခွင့် တပ်မတော်သားကိုယ်စားလှယ်များ တောင်းဆို
DVB
·
November 13, 2014
လွှတ်တော်ဖျက်သိမ်းခွင့် တပ်မတော်သားကိုယ်စားလှယ်များ တောင်းဆို
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲစတင်တဲ့ ပထမနေ့မှာပဲ ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်လိုကြတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ပုဒ်မ ၄၃၆ ကို ဖက်တွယ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထိပ်တိုက်တွေ့ပြီး ဆွေးနွေးကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) ရဲ့ လုပ်ကိုင်ခွင့် ကို ပိုမိုတောင်းခံလိုက်ပြီး အမတ် ဦးရေ သုံးပုံတပုံလျော့ရင် လွတ်တော်ဖျက်သိမ်းနိုင်တဲ့အထိ ပါ တောင်းဆိုခဲ့ပါတယ်။

[caption id="attachment_30011" align="alignright" width="347"]လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်များ[/caption]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခဲတယ်လို့ ဝေဖန်ခံနေရတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးကြပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေ ကတော့ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးသာမကဘဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)က လွှတ်တော်ကို ဖျက်သိမ်းဖို့ အကြံပေးနိုင်တယ်ဆိုတဲ့အပိုင်းကို ဖြည့်စွက်ဖို့ ဆွေးနွေးခဲ့ကြတာပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်တဲ့ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက “ဗဟိုချုပ်ကိုင်မှု လျော့ချဖို့နဲ့ ၅၉(စ) ပြင်ပေးဖို့ ကျနော်တို့ ဘက်က ဆွေးနွေးတယ်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို မယူထားဖို့၊ ဘာလို့ဆိုတော့ ပြည်သူလူထု အားလုံးက အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ပါသင့်တယ်။ ၄၃၆ကိုလဲ အားလုံး လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် ရာခိုင်နှုန်း တွေ လျော့ချပေးဖို့ နောက်ပြီး ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပြည်နယ်တွေကို အုပ်ချုပ်ခွင့်ပေးဖို့၊ တပ်ကိုယ်စားလှယ်တွေကတော့ ၄၃၆ မပြင်ဘဲ ၂၀၀၈ အတိုင်း ထားဖို့၊ ၅၉(စ)ကိုလဲ ဒီတိုင်း ထားဖို့ ဆွေးနွေးတယ်။ ဒါအပြင် ပုဒ် ၂၀၁မှာ (က) ကာလုံဖွဲ့စည်းမှုနဲ့ (ခ)မှာ လွှတ်တော် ဖျက်သိမ်းနိုင်တဲ့အထိ ကာလုံက အကြံပေးနိုင်တယ်ဆိုတာ ဖြည့်ဖို့ ထပ်တင်တယ်။”

အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အောက်တိုဘာ၂၂ ရက်နေ့ထုတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ   တပ်မတော်သားကိုယ်စားလှယ်တွေ က ပုဒ်မ ၄၃၆  ပုဒ်မခွဲ (က) နဲ့ (ခ) ကို မပြင်ဆင်လိုကြောင်း  အကြံပြုထားတယ်ဆိုတာ ထုတ်ပြန်ထားတာကြောင့် အခုတော့ ပြင်လိုသူတွေနဲ့ မပြင်ဆင်လိုသူတွေ လွှတ်တော်မှာ လူချင်းတွေ့ပြီး ဆွေးနွေးမှုသာ ဖြစ်ပါတယ်။ တဖက်မှာတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး  နိုင်ငံတ၀န်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုထားတဲ့ လက်မှတ်ပေါင်း ၅ သန်းကိုလည်း လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပြီးမှ ပြင်ဆင် လို့ ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ ဒါပြင် လူထုဆန္ဒခံယူတဲ့အခါမှာလည်း ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်နိုင်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၅၉ (စ) ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် မထမ်းဆောင်နိုင်အောင် ကန့်သတ် ထားတဲ့ ဥပဒေအဖြစ် ဝေဖန်ပြောဆိုနေတဲ့ ပုဒ်မဖြစ်ပါတယ်။

ဒီကနေ့လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်တွေက အချက် ၅ ချက် ထပ်ဖြည့်ပေးပါဆိုပြီး အကြံပြု ဆွေးနွေးသွားခဲ့တယ်လို့ ဦးဖြိုးမင်းသိမ်းက ရှင်းပြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ကာလုံနဲ့ တိုင်ပင်ဖို့၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးမယ်ဆိုရင် ကာလုံနဲ့ တိုင်ပင်ဖို့၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံထက် ကျော်လွန်တဲ့ လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်သွားပြီ ဆိုရင် လွှတ်တော်ကို ဖျက်သိမ်းပြီး နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပပေးဖို့စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့ ပါဝင်ပါတယ်။

လက်ရှိ လွှတ်တော်ထဲ ရှိနေတဲ့ တပ်ကိုယ်စားလှယ် ၁၁၀ ကျော်နဲ့ အရပ်သား ကိုယ်စားလှယ် ၄၀ လောက် နုတ်ထွက်သွားရင် လွှတ်တော်ဖျက်သိမ်းပစ်လိုက်နိုင်တဲ့ထိ ထည့်သွင်း ဆွေးနွေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးဖို့ရှိတဲ့ ကိုယ်စားလှယ်ပေါင်း ၁၅ ယောက်ရှိပေမယ့် အချိန် မလုံလောက်လို့ ၁၁ ယောက်ပဲ ဆွေးနွေးခွင့်ရခဲ့ကြပါတယ်။

ဒီအစီရင်ခံစာအပေါ် ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော်က ဆွေးနွေးကြဖို့ ရှိပြီး ဒီနေ့ကနေ နိုဝင်ဘာ ၂၅ ရက်အထိ ကိုယ်စားလှယ်တယောက်ကို ၈ မိနစ် ဆွေးနွေးခွင့်ပြု တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာသွားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ထဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်ကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြင်မယ်ဆိုလို့ရှိရင် ပုဒ်မ ၄၃၆က မပြင်နိုင်အောင် တံခါးပိတ်ထားတယ်။ ဒီတော့ ပိတ်ထားတဲ့တံခါးကို ဖွင့်ဖို့လိုတယ်ဆိုတဲ့ သဘောမျိုး ဆွေးနွေးခဲ့ပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဖို့ ခဲယဉ်းသွားပြီလို့ ပြောပါတယ်။

“ကျနော် အစီရင်ခံစာ(အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ)ကို ဖတ်ကြည့်တော့ တပ်ကိုယ်စားလှယ်တွေက ဒီအချက်တွေကို တော်တော်လေး ဆုပ်ဆုပ်ကိုင်ကိုင် မြဲမြဲမြံမြံပြောထားတာ တွေ့ရတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ထဲမှာပြင်ဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းသွားပြီဗျ။ အဲဒီလိုပြောရခြင်း အကြောင်းအရင်းက အစီရင်ခံစာပါ အချက်တွေအရရော လွှတ်တော်ထဲ မှာ ဆွေးနွေးလာနိုင်တဲ့ အနေအထားတွေအရရော သုံးသပ်ပြောတာပါ။ ကျနော့်အမြင် အရတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ပြန်လုပ်ပြီးတော့ ပြင်သင့် တယ်လို့ မြင်တယ်။”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်ထဲ ဆွေးနွေးကြတဲ့အခါ ဘယ်အဖွဲ့အစည်းတွေ ဘယ်လို ဆွေးနွေးကြသလဲ သေချာစောင့်ကြည့်ကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သွားခဲ့တဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ပြည်သူကို သတိပေး ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လွှတ်တော်ဖျက်သိမ်းခွင့် တပ်မတော်သားကိုယ်စားလှယ်များ တောင်းဆို