ဦးအောင်သောင်းကို အမေရိကန်က နာမည်ပျက်စာရင်းထည့်သွင်းမှု ပြည်သူ့လွှတ်တော် ကန့်ကွက်

အမေရိကန်ပြည်ထောင်စုက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်းကို နာမည်ပျက်စာရင်း ထည့်သွင်းလိုက်တာကို ဆန့်ကျင်တဲ့ အရေးကြီးအဆိုကို နိုဝင်ဘာ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီအရေးကြီးအဆိုကို မင်္ဂလာဒုံမြို့နယ် အမတ် ဦးတင်မောင်ဝင်းက တင်သွင်းလိုက်တာ ဖြစ်တယ်လို့ ကျောက်ဖြူမြိုနယ်အမတ် ဦးဘရှိန်က ပြောပါတယ်။ Parliment 12092014“ကန့်ကွက်တဲ့လူ မရှိပါဘူး။ ကန့်ကွက်လို့လည်း ဘာမှ ဖြစ်မှာ မဟုတ်တော့ ကန့်ကွက်ဖို့ လူလည်း မပေါ်ပါဘူး။ ပေါ်ရင်လည်း ဘယ်သူမှ ထမယ် မထင်ပါဘူး၊ ဒါကတော့ ပြည်ခိုင်ဖြိုးပါတီက လူကြီးဆိုတော့ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်ရေးအရ လုပ်တဲ့သဘောလို့ပဲ ကောက်ယူရမယ့်သဘော ဖြစ်တယ်။ လွှတ်တော်ကို ထိခိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်တယောက်ကို ထိခိုက်တယ်၊ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ လုပ်ဆောင်ချက် အလုပ်အပေါ်မှာ အမေရိကန်က အရေးယူတဲ့ သဘောမျိုး ဆိုရင်တော့ လွှတ်တော်က ပါဝင်ဖို့ လိုကောင်းလိုမှာပေါ့။ အခုက လွှတ်တော် အခုက ပုဂ္ဂလိက ကဏ္ဍလို့ ပဲမြင်တယ်။ လွှတ်တော်နဲ့တော့ သိပ်ဆိုင်လှတယ်လို့ မထင်ပါဘူး”လို့ ဦးဘရှိန်က ပြောပါတယ်။ တနိုင်းမြို့နယ် အမတ် ဦးမျိုးဆွေက ဒီအဆိုကို ထောက်ခံ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့က ယခင် နအဖစစ်အစိုးရအဖွဲ့ဝင် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ပြီး အမေရိကန်က ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်သလို အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေး မလုပ် ဆောင်နိုင်အောင် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

More News
Up