DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်း စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ထိုင်းရဲ ၆ နာရီကြာ စစ်ဆေး
DVB
·
November 6, 2014
လိပ်ကျွန်း စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ထိုင်းရဲ ၆ နာရီကြာ စစ်ဆေး
Donate to DVB

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို အမှတ် ၈ တိုင်းဒေသ ရဲတပ်ဖွဲ့က ၆ နာရီဆက်တိုက် စစ်ဆေးရာမှာ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆန်ဖြေကြားကြတယ်လို့ စွပ်စွဲခံနှစ်ဦးဘက်က ရှေ့နေက ပြောပါတယ်။

[caption id="attachment_70069" align="aligncenter" width="448"]စွပ်စွဲဖမ်းဆီး လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA) စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA)[/caption]

အမှုစစ်ဆေးစဉ် သက်သေအဖြစ် ရှိနေတဲ့ ရှေ့နေ နခွန်း ချုမ်းဖူးချတ်က ဒီတခေါက် စစ်ဆေးရာမှာ အချိန်ကြာပေမယ့် အလားအလာကောင်းမွန်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီစစ်ဆေးမှုကတော့ ထိုင်းအစိုးရရှေ့နေများကောင်စီရဲ့ လိုအပ်ချက်အရ တာဝန်ကျရဲတွေက ပြန်ပြီးစစ်ဆေးမေးမြန်းရတာ ဖြစ်ပါတယ်။ အဓိက မေးတာက ၂ ချက်ပေါ့။ လူသတ်မှု ၀န်ခံသလား၊ ငြင်းပယ်သလား ဆိုတာရယ်၊ ပြီးတော့ ဘယ်သူတွေက အတင်းဝန်ခံခိုင်း သလဲ ဆိုတာပေါ့။ လူမသတ်ရပါဘူး၊ မုဒိန်းမကျင့်ရပါဘူး၊ ပစ္စည်းမခိုးရပါဘူး၊ မလိမ်ရပါဘူးပေါ့။ သူတို့ရဲ့ ရှေ့နေတွေရှေ့မှာမို့ ရဲတွေကို ခုမှ အမှန်အတိုင်းပြော ရဲတာဖြစ်တယ်။ ဒါပေမယ့် သူတို့ကို ရိုက်နှက်စစ်မေးတဲ့ ရဲတွေဟာ ဘယ်သူလဲ ဆိုတာတော့ သူတို့မသိဘူး။ သူတို့ ဖြေကြားချက်တွေပေါ်မူတည်ပြီး ရဲတွေက ပတ်သက်တဲ့လူတွေကို နောက်ထပ် သွားစစ်ကြပါလိမ့်မယ်။ ဒီလူငယ် ၂ ယောက်ကိုတော့ နောက်ထပ်မမေးတော့ဘူး။ ဒါနောက်ဆုံးပဲ။”

စွပ်စွဲခံ လူငယ်နှစ်ဦးရဲ့ ရှေ့နေရှေ့မှောက်မှာ ဒီနေ့ စစ်ဆေးခဲ့တာလို့ စစ်ဆေးတဲ့ ကော့စမွီ အကျဉ်းထောင်ကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအတိုင်ပင်ခံ  အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲထိ ၆ နာရီကြာ ထမင်းစားချိန်တောင်မပေးဘဲ စစ်ဆေးတယ်။ လူငယ် ၂ ယောက်လည်း ဒီအမှုကို မကျူုးလွန်ကြောင်း၊ ခြိမ်းခြောက်ခံရကြောင်း၊ စွပ်စွဲချက်တိုင်းကိုလည်း ပြန်ငြင်းဆိုခဲ့ပါ တယ်ခင်ဗျ။”

ဒီတကြိမ် စစ်ဆေးမှုမှာတော့ လူငယ် ၂ ဦးဘက်ကနေ ချေပပေးမယ့် ထိုင်းရှေ့နေ ၂ ဦး ရှေ့မှာ ရဲတွေက စစ်မေးခဲ့ပြီး ဘာသာပြန်ကလည်း အရင် ခိုတောင်ကျွန်းက ၂ ဦး မဟုတ်တော့ဘဲ လူ့အခွင့်အရေးအဖွဲ့က မအေးမာချိုနဲ့ ထိုင်းရဲဘက်က ခေါ်လာတဲ့ ကိုတင်ခိုင်တို့ ၂ ဦးဖြစ်ကြောင်း အန်ဒီဟောလ်က ဆက်ပြောပါတယ်။

ခုလို လာရောက်စစ်ဆေးမေးမြန်းတာဟာ တရားရုံးရောက်မှ စစ်ဆေးတာထက် ပိုမိုကောင်းမွန်ကြောင်း၊ ဒါပေမယ့် မနက်ဖြန်မှာ လူငယ် ၂ ဦးကို နောက်ထပ် ချုပ်ရက်တိုးဖို့ ရှိတယ်လို့ ပြောတဲ့အတွက် သူတို့အဖွဲ့လည်း လာရောက် ကြည့်ရှုဦးမှာဖြစ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ချုပ်ရက်တိုးတာဆိုရင် အခြေအတင်ပြောဆိုရလိမ့်မယ်လို့  ထိုင်းရှေ့နေ နခွန်း ချူမ်းဖူးချတ်က ပြောသွားပါတယ်။

မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာတော့  ခိုတောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို ဒီလမကုန်ခင် တရားရုံးတင်နိုင်မှာဖြစ်ကြောင်း၊ တရားခံ (သံသယရှိသူ) ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို နိုဝင်ဘာ ၇ ရက်နေ့မှာ ချုပ်ရက်ထပ်တိုးမယ်လို့ ခရိုင်အစိုးရရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်ရဲ့ အပြောကို ကိုးကားပြီး  ဖော်ပြပါတယ်။

သူတို့ကို တကြိမ်လျှင် ၁၂ ရက်နဲ့ အချုပ်မှာ ၃ ကြိမ် အပ်နှံထားတာ ၃၆ ရက်ရှိသွားပြီဖြစ်ပြီး ရုံးတင်တရားမစွဲခင်အချိန်ထိ စုစုပေါင်း ၇ ကြိမ် ၈၄ ရက် အပ်နှံချုပ်ထောင်ထားခွင့်ရှိတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013