DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်အင်အားစုများ အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေး
DVB
·
November 5, 2014
ရှမ်းလက်နက်ကိုင်အင်အားစုများ အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေး
Donate to DVB

အစိုးရ တာဝန်ရှိသူတွေဟာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေနဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ အဖွဲ့တို့ကို အပစ်ခတ်ရပ်ရေးကိစ္စတွေနဲ့ ပတ် သက်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်နဲ့ ထိုင်းနိုင်ငံမှာ သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးစင်တာက ဦး လှမောင်ရွှေ ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့တယ်လို့  အာစီအက်စ်အက်စ်  ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

[caption id="attachment_69908" align="aligncenter" width="473"]ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရ ဆွေးနွေးစဉ် (ဓာတ်ပုံ - ညိုအုန်းမြင့်) ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရ ဆွေးနွေးစဉ် (ဓာတ်ပုံ - ညိုအုန်းမြင့်)[/caption]

“သူတို့က လက်ရှိပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ လာပြောပြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အောက်တိုဘာ ၃၁ ရက်နေ့တုန်းက ရန်ကုန်မှာ သမ္မတ ဦးသိန်းစိန်၊ ကကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီက ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်း၊ တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ သွားနိုင်ရေးကို ဆွေးနွေးပါတယ်။”

ရှမ်းပြည်တပ်မတော်ဘက်ကလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်ရေးကိစ္စမှာ ပါဝင်လက်မှတ်ရေးထိုးဖို့  ရှိပေမယ့် တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးထိုးမလား၊ သီးခြားထိုးမလား ဆိုတာကိုတော့ ပြောလို့မရသေးကြောင်း၊ အဖွဲ့တွင်းမှာ ဆွေးနွေးနေတုန်းပဲလို့  ဗိုလ်မှူးကြီး စိုင်းလက ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်ကလည်း ဆွေးနွေးပွဲဟာ တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။

“အက်စ်အက်စ်အေဘက်ကလည်း သူတို့က အပစ်ခတ်ရပ်ပြီးရင် စားပွဲဝိုင်းပေါ်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ရည်ရွယ်တယ်။ ဒါမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်ပေါ့နော်။ အဲလိုပြောခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း သူတို့ပြောပြချက်တွေကို ၀န်ကြီး ဦးအောင်မင်းဆီ ပြန်တင်ပြဖို့ ဖြစ်ပါတယ်။”

ဒီတွေ့ဆုံမှုမှာ အာစီအက်စ်အက်စ်ဘက်က ဗိုလ်မှူးကြီးစိုင်လ၊ ဒုဗိုလ်မှူးကြီး ခေးငင်းနဲ့ ပြည်ထောင်စု အင်စတီကျူ့ ဒါရိုက်တာ ဦးခွန်စိုင်းတို့ပါဝင်ပြီး အစိုးရဘက်ကတော့ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဦးတင်မောင်သန်း နဲ့ အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

အလားတူ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကလည်း နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အောက်တိုဘာ ၃၁ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။

ဒီတခေါက် တွေ့ဆုံဆွေးနွေးမှုမှာ အဓိကအားဖြင့်  အရင်တခေါက် ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းရေးကို ဆက်လက်ဆွေးနွေးတာဖြစ်ကြောင်း၊ စစ်တပ်ဘက်က ကိုယ်စားလှယ် ၅ ဦး နဲ့ ရှမ်းတပ်ဘက်က ၅ ဦးစီ ဖွဲ့စည်းဖို့ အစိုးရဘက်က အဆိုပြုပေမယ့် ရှမ်းတပ်ဘက်ကတော့ ကြားခံအဖွဲ့အစည်းတခုခု ဥပမာ နိုင်ငံရေးပါတီဘက် ဒါမှမဟုတ် လူမှုအခြေပြုအဖွဲ့အစည်းတခုခုပါ ပါဝင်စေလိုကြောင်း အဆိုပြုခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ဗိုလ်ကြီး စိုင်းဘုန်းဟန် က ပြောပါတယ်။

ဒီအကြံပြုချက်အပေါ်မှာ ပြန်လည်ဆွေးနွေးဖို့ရှိနေတဲ့အတွက် ပြီးခဲ့တဲ့ အစည်းအဝေးမှာ ဘာမှ ဆုံးဖြတ်ချက်ချခဲ့တာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။

နယ်မြေအခြေအနေမှာတော့ ပြီးခဲ့တဲ့လက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျေးသီးမြို့နယ် ၀မ်ဝပ်ကျေး ရွာအုပ်စုဘက်မှာ တည်ငြိမ်နေကြောင်း၊  အဲဒီဘက်မှာ ၀င်ရောက်စခန်းချနေတဲ့ အစိုးရတပ်သား ၁၀၀၀ ကျော်ထဲက ယာဉ်တန်း ၁၇ စီးဟာ နိုဝင်ဘာ ၃ ရက်နေ့က ကျေးသီးမြို့ဘက်ကို  ဆုတ်ခွာသွားပြီလို့ ဗိုလ်ကြီး စိုင်းဘုန်းဟန်က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013