DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းတွင် နှိပ်စက်ညှဉ်းပန်းဒဏ်ရာများ တွေ့ရှိ- နေမျိုးဇင်
DVB
·
November 5, 2014
ကိုပါကြီးအလောင်းတွင် နှိပ်စက်ညှဉ်းပန်းဒဏ်ရာများ တွေ့ရှိ- နေမျိုးဇင်
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့  အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့ချင်း ၂ နာရီကျော်မှာ အလောင်းဖော်ပြီးနောက် ညနေပိုင်းမှာ မော်လမြိုင်ဆေးရုံကို ပို့ဆောင်နေပြီဖြစ်ပါတယ်။

အလောင်းရဲ့ အရပ်အနေအထားရော၊ ခန္ဓာကိုယ်အနေအထားအရ၊ ၀တ်ထားတဲ့ အနေအထားအရ  ဒေါ်သန္တာက သူ့ခင်ပွန်းဖြစ်တယ်လို့ ပြောကြားကြောင်း အလောင်းဖော်ရာမှာ လိုက်ပါခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။

အလောင်းကို တူးဖော်ဆောင်ပြီးတဲ့အချိန်တွေ့မြင်ချက်အရ ကိုပါကြီးဟာ   နှိပ်စက်ညှဉ်းပန်း ခံခဲ့ရမှန်း ပေါ်လွင်နေတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”

ဒီအလောင်းတူးဖော်မှုမှာ လိုက်ပါသွားတဲ့ မှုခင်းအရာရှိတွေ၊ ရဲတွေကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အလောင်းကို မော်လမြိုင်ဆေးရုံယူဆောင် စစ်ဆေးပြီးမှ ထုတ်ပြန်မယ်လို့ သိရကြောင်း ပြောပါတယ်။

အလောင်းဖော်မှုမှာ ကိုပါကြီးကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ၂၀၈ ခြေမြန်တပ်ရင်းက တဦးမှ လိုက်ပါလာခြင်းမရှိဘဲ အလောင်းကို ၂၁၀ တပ်က အရာရှိတဦးက လာရောက်ပြသခဲ့တယ်လို့  ဦးနေမျိုးဇင်က ပြောပါတယ်။

“တပ်မတော်ဘက်လည်း တက်ရောက်တဲ့အရာရှိတွေက စိတ်ဝင်တစားနဲ့ အနီးကပ်စောင့်ကြည့်ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဦးဇော်ဝင်းနဲ့ ဦးစစ်မြိုင် တို့လည်း လာပြီးတော့ အနီးကပ်စောင့်ကြည့်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ခရိုင်မှူးအဆင့်တွေ မှုခင်းဆရာဝန်တွေ၊ တရားသူကြီး အားလုံး ဥပဒေအတိုင်းတော့ တိတိကျကျအတတ်နိုင်ဆုံး လုပ်တာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဦးခေါင်းပိုင်းကို လုံးဝ ထုချေထားတဲ့ အချက်တခုနဲ့တင်ကို ကိုပါကြီးအပေါ်မှာ သံသယကို အမြင့်ဆုံးထားပြီးတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆက်လက်ပြီးတော့ စောင့်ကြည့်သွားရမယ်လို့ သုံးသပ်ပါတယ်။ ”

ကိုပါကြီးအလောင်းပြန်ထူးဖော်ရာမှာ  ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ လိုက်ပါခဲ့ပါတယ်။

ဒါ့အပြင်  ဘားအံ မှုခင်းဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊  တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င် စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စ ဟိုးလေးတကြော်ဖြစ်ပြီး နိုင်တ၀န်း ဆန္ဒပြပွဲတွေ ကြုံခဲ့ရပြီးနောက် သမ္မတက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။

ဦးနေမျိုးဇင်ပြောကြားချက် အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013