DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တရုတ်ပြည်ကို သွားရောက်မည်
DVB
·
November 4, 2014
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တရုတ်ပြည်ကို သွားရောက်မည်
Donate to DVB

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဒီဇင်ဘာလကျရင် တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

z2ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က“ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာမှာ တရုတ်ပြည် သွားစရာရှိတယ်။ အဲဒီလောက်ပဲ ကျနော် ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံလည်းဖြစ် မြန်မာ့အိမ်နီးချင်းလည်းဖြစ်တဲ့ တရုတ်နိုင်ငံကို ပြည်တွင်းပြည်ပထင်ရှားတဲ့ ဒီမိုကရေစီခေါင်းဆောင်တဦးအတွက် ပထမဆုံးအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ရေးရာဌာနက ထိပ်တန်းတာဝန်ရှိသူတဦးလည်းဖြစ် မစ္စတာ အိုင်ပင်း (Ai Ping) ဟာ ဒီနှစ်ဖေဖော်ဝါရီ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဋ္ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် သတင်းထွက်ပေါ်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပါတီ ၂ ခုရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံ လာရောက်လည်ပတ်ဖို့ တရုတ်အစိုးရက တရားဝင်ဖိတ်ကြားမှာဖြစ်ပြီး နှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့် အချိန်ကျရင် ဖိတ်ကြားမယ်လို့ ဒီနှစ်ဇန်ဝါရီ ဆန်းဒေးမောနင်းပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ ဖိတ်ကြားဖို့ကိစ္စဟာ သင့်တော်မယ့်အချိန်ကို ရွေးနေလို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၉၀ ပြည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိစဉ်က ပါတီဌာနချုပ်ကို သံအမတ်ကြီး လာရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီ၊ စစ်အစိုးရနဲ့သာ တောက်လျောက် ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဗီတိုအာဏာပိုင်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ချက်တွေကို အဓိကအားဖြင့် လုံခြုံရေးကောင်စီ အစည်းအဝေး တွေမှာပါ မြန်မာအစိုးရဘက်က အကာအကွယ်ပေးတဲ့အတွက် နာမည်ပျက်ခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီဟာ အုပ်ချုပ်ရေးပိုင်းကို သာမကပဲ နိုင်ငံရေးပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ တရုတ်နိုင်ငံကို လေ့လာရေး ဖိတ်ကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လေ့လာရေးခရီး ၄ ကြိမ်သွားရောက်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားချက်အရ အဖွဲ့ချုပ် ပါတီအလုပ်အမှုဆောင်တချို့ သွားရောက်ခဲ့သလို တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးလည်း ပါတီခေါင်းဆောင်တွေထံ လာရောက်လည်ပတ်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ လအတန်ကြာကတည်းက ပြင်ဆင်နေကြတာဆိုပေမယ့် အခုရက်ပိုင်းအတွင်း မြန်ဆန်တဲ့ ဖြစ်ထွန်းမှုတွေဖြစ်ကြတဲ့ အမေရိကန်သမ္မတက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ကို ဆက်သွယ်စကားပြောဆိုမှု၊ မြန်မာအစိုးရခေါင်းဆောင်ပိုင်းရဲ့ နိုင်ငံရေးထိပ်သီး ခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲကို ကတိုက်ကရိုက် စီစဉ်မှု၊ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်လာမယ့် အစီအစဉ်တွေအပေါ် လူတွေစိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ ပေါ်ပေါက်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးမှာ ဦးဆောင်ကြိုးပမ်းနေ တဲ့ အဓိက အတိုက်အခံခေါင်းဆောင်တဦးကို ဖိတ်ကြားတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီးနောက် အာရှ၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုနိုင်ငံအသီးသီးကို လည်ပတ်ခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013