Home
မြန်မာသတင်း
ပြန်ကြားရေးက မြန်မာသံတော်ဆင့်ကို တရားစွဲမည်
DVB
·
November 4, 2014
မြန်မာသံတော်ဆင့်ဂျာနယ်ရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော် အကြီးအကဲရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေတာကြောင့် တရားစွဲဆိုမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်သလို ဂျာနယ်တာဝန်ရှိသူကလည်း တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ တုံ့ပြန်ပါတယ်။ ThanTawSin072014-300x214 သြဂုတ်လထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃ အမှတ် ၂၂ ပါ အံ့ခေါင်မင်းရဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားတွေဟာ သမ္မတရဲ့ ဂုဏ်သိက္ခာထိပါးစေလို အကြည်ညို ပျက် စေတာကြောင့် စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ညှိနှိုင်းဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို အကြောင်းကြားခဲ့ကြောင်းနဲ့ တောင်းပန်ဖို့။ တောင်းပန်စာမူကြမ်း ဟာလည်း မူလဖော်ပြတဲ့ သမ္မတဂုဏ်သိက္ခာထိပါးတဲ့အရေးအသားတွေကို မချေဖျက်နိုင်တဲ့ အပြင် တခြားပုဂ္ဂိုလ်တွေကိုပါ ထိခိုက်ပုတ်ခတ်တာတွေ ပါလာပြီး သမ္မတရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေလို့ တရားစွဲမှာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာသံတော်ဆင့်မှာ ဖော်ပြတဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနဲ့ မေးမြန်းချက်ဖြစ်ပါတယ်။ မြန်မာသံတော်ဆင့်ဂျာနယ် ဒု အယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းကတော့ ဖော်ပြခဲ့တဲ့ကဏ္ဍဟာ အတိုက်အခံ နိုင်ငံရေး ပါတီတခုက ဗဟိုအဆင့်ရှိတဲ့သူတဦးရဲ့ ဝေဖန်ပြောကြားချက်ကို အင်တာဗျူးမှာ တဆင့်ပြန်လည် ဖော်ပြတာဖြစ်ပြီး အယ်ဒီတာ အာဘော်ဆောင်းပါး မဟုတ်ဘူးလို့ ပြောပါတယ်။ လက်ရှိ အချိန်ထိ တရားစွဲဆိုကြောင်း တရားဝင်အကြောင်းမကြာစာမရသေးဘဲ အကြောင်း ကြားတဲ့အခါ တရားနည်းလမ်းအတိုင်း ရင်ဆိုင်ဖြေရှင်းမယ်လို့ သူက ပြောပါတယ်။ သူက “ဒါကို သူတို့အနေနဲ့ မီဒီယာကို တရားစွဲဆိုတယ်ဆိုတော့ သူတို့ရဲ့ လုပ်ပုံကိုင်နည်းကို ကျနော်တို့က သိပ်တော့ နားမလည်ဘူး။ လူတဦးတယောက် ဒါမှမဟုတ်ရင် အစဉ်အလာရှိတဲ့ အတိုက်အခံနိုင်ငံရေး သမားတဦးရဲ့ ဝေဖန်ပြောကြားချက်အပေါ်မှာ ဒီကာယကံရှင်ကို သူတို့ အနေနဲ့ ဘာမှ ဟိုဟာမဖြစ်ဘဲနဲ့ မီဒီယာပေါ် တရားစွဲတယ်ဆိုတာကတော့ ကျနော်ထင်တာ ကတော့ သူတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့ ပြီးတော့ ရင်မဆိုင်ရဲလို့ မီဒီယာကို ပြန်လုပ်တယ်လို့ ယူဆတယ်” လို့ ဦးအံ့ခေါင်ဝင်းက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ Eleven Media Group ကိုလည်း တရားစွဲဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024