တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းလာသည့် လှေနစ်မြုပ် ၂၄ ဦး သေဆုံး

744
တူရကီနိုင်ငံ အစ္စတန်ဘူမြို့တော် ဘော့စ်ပိုရပ်စ်ရေလက်ကြား အဝက ပင်လယ်ထဲကနေ အလောင်း ၂၄ လောင်းကို ငါးဖမ်းသမားတွေနဲ့ ကမ်းရိုးတန်းစောင့်အရာရှိ တွေက နိုဝင်ဘာလ ၃ ရက်နေ့က ဆယ်ယူခဲ့ရပြီး လူ ၇ ယောက်ကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတအုပ်စု စီးနင်းလာတဲ့ လှေတစီး နစ်မြုပ်ခဲ့အပြီး ခုလို ဖြစ်တာပါ။ ပင်လယ်နက်ရဲ့ဘော့စ်ပိုရပ်စ်ရေလက်ကြား မြောက်ပိုင်း ၃ မိုင် အကွာမှာတော့ ကမ်းရိုးတန်းစောင့် သင်္ဘော ၇ စီးနဲ့ ရဟတ်ယာဉ်တစီးကတော့ ရှာဖွေရေး လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ကြေညာချက်ထဲမှာ ပြောပါတယ်။
မီဒီယာတွေကတော့ ကလေးတွေအပါအဝင် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ အယောက် ၄၀ လောက် လှေပေါ်ပါတယ်လို့ ယုံကြည်ရကြောင်း ဖော်ပြပါတယ်။
GAC သင်္ဘောလုပ်ငန်းကတော့ လှေဟာ ရိုမေးနီးယားဆိပ်ကမ်း ကွန်စတန်တာဆီ ဦးတည်နေတုန်း မနက် ၅ နာရီလောက်က နစ်မြုပ်ခဲ့ပြီး ဒုက္ခသည် အယောက် ၅၀ လောက်ပါတယ်လို့ ပြောပါတယ်။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ ဥရောပ သမဂ္ဂနိုင်ငံတွေဆီကို ရောက်ဖို့ ဘေးမကင်းတဲ့လှေတွေကို မကြာခဏသုံးပြီး တူရကီနိုင်ငံကို ဖြတ်သန်းလေ့ ရှိပါတယ်။
ဒီရေလက်ကြားဟာ ပင်လယ်နက်ကနေ ကမ္ဘာ့သမုဒ္ဒရာဆီကိုထွက်တဲ့ တခုတည်းသော လမ်းကြောင်းဖြစ်ပြီး ရုရှား ရေနံတင်ပို့မှုအတွက် အဓိကလမ်းကြောင်း ဖြစ်လို့ ကမ္ဘာ့ အလုပ်အများဆုံး ရေလမ်းကြောင်းတွေထဲက တခု ဖြစ်ပါတယ်။
