ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် ဟင်္သာတတွင် ဗီနိုင်းစိုက်ထူ
DVB
·
November 1, 2014
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေး စာတမ်းပါ ဗီနိုင်းကို ဘယ်သူမှ မသိရဘဲ ဟင်္သာတမြို့မှာ စိုက်ထူခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲ မတိုင်မီ ဦးဆောင်သူတွေ မသိရဘဲ “အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ပေး” ဗွီနိုင်းပိုစတာ တခု စိုက်ထူတာကို နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
ဦးပါရဲဘုရား တာကြီးလမ်း ကုန်းအဆင်း အဆွေတော်လက်ဖက်ရည်ဆိုင်အနီးမှာ အဲဒီပိုစတာကို စိုက်ထူထားတာ ဖြစ်ပြီး ဟင်္သာတက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကတော့ သူတို့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဝတ်ပြုဆုတောင်းပွဲမှာ အသုံးပြုမယ့် စာသားတွေ မဟုတ်တဲ့အပြင် ဘယ်သူက ဘာရည်ရွက်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။
အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ဖို့ ဟင်္သာတမြို့ ဦးပါရဲစေတီတော်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ဟင်္သာတက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တရားဝင် ခွင့်ပြုချက်ရယူခဲ့တာ ဖြစ်ပြီး ဒီပိုစတာကိုတော့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုပါကြီး သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မနေ့က ညွှန်ကြားထားပါတယ်။