DVB Logo
Home
မြန်မာသတင်း
ခြိမ်းခြောက်မှုကြောင့် ၀န်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံလူငယ် ၂ ဦး ထပ်မံပြောကြား
DVB
·
October 31, 2014
ခြိမ်းခြောက်မှုကြောင့် ၀န်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံလူငယ် ၂ ဦး ထပ်မံပြောကြား
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူးအနောင့်ပိုင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာဟာ ဘာသာပြန်နဲ့ ရဲတွေက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အ တွက် ဖြစ်ကြောင်း ဖမ်းဆီးချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က  မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ထွက်ဆိုခဲ့ကြပါတယ်။

EyWwB5WU57MYnKOuFHLMAIg2czCXFHDC5Dt6GTgWF2sI014Pt5jdjkထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေ နဲ့ မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဟာ သံသယရှိသူ ၂ ဦးနဲ့ ဒီနေ့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီခွဲထိ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။

သူတို့ ၂ ဦးရဲ့ ပြောဆိုချက်တွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အတိုင်း ဒီအမှုမှာ သူတို့ပါဝင်ပတ်သက်ခြင်း မရှိဘူး ဆိုတာကို ထပ်လောင်းပြော ဆိုခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“တကယ်ပြောမယ်ဆိုရင် သူတို့လုံးဝသိတဲ့ကိစ္စမဟုတ်ပါဘူး။ ဘာသာပြန်နဲ့ရဲတို့ ပူးပေါင်းပြီး သင်ထားတဲ့အတိုင်း လိုက်လုပ်ရတယ်လို့ ပြောပါတယ်။ ဘာသာပြန်ကပြောပါတယ်။ သရုပ်ပြတဲ့အချိန် မင်းတို့က သူတို့ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်လုပ်ပြ၊ သတင်းထောက်တွေမေးရင် ဘာမှမပြောရဘူး၊ ပြောရင် မင်းတို့အသေပဲလို့ ပြောထားပါတယ်။”

အထူးသဖြင့် ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူးနဲ့ သတ်တယ်လို့ ပြောခဲ့တာဟာ သူတို့ခိုင်းတဲ့အတိုင်း ပြောရတာလို့ သွားတွေ့တဲ့အဖွဲ့ထဲ ပါဝင်သူ ဦးကျော်သောင်းက ဖြည့်စွက်ပြောဆိုပါတယ်။

“ကျနော်တို့ ဒီနေ့တွေ့တော့ ‘မင်းတို့ ငါတို့ကို ယုံပြီလား၊ ဒီမှာ မင်းတို့အဖေ၊ အမေ နဲ့ဓာတ်ပုံရိုက်ထားတာ သိပြီလားဆိုတော့ ရတယ်၊ ဦးလေးတဲ့ သိပြီတဲ့။ ကျနော်တို့က သူတို့ကို ကူညီနေတယ်ဆိုတာ သိပြီးနေပြီပေါ့နော်။ ဟုတ်ပြီ ဟေ့ကောင်တွေ ပထမတကြိမ်တုန်းကတော့ ငါမေးတယ်၊ ပေါက်တူးအသွားဘက်မဟုတ်ဘဲ အနောင့်နဲ့ ထုတာ တယောက်နှစ်ချက်ရိုက်တယ်လို့ ပြောတယ်၊ ကျနော်တို့ရိုက်တာက သေလောက်အောင်မဖြစ်ဘူး ပြောတယ်၊ အခု မင်းတို့အမေတို့လာတော့ မသတ်ဘူးလို့ ပြောတယ်။ ငါတို့က ရူးကြောင်မူးကြောင်ဖြစ်နေပြီ။ ဘယ်လိုဖြစ်တာတုန်း’လို့မေးတော့ ‘ဦးလေးတဲ့ အရင်တုန်းကပြောတာကတဲ့ ကျနော်တို့က တရားရုံးမှာကျမှ အမှန်အတိုင်းထွက်ဆိုမယ်၊ ဘယ်သူလာမေးမေး ကျနော်တို့ကိုရိုက်နှက်ထားတဲ့ ပုလိပ်နဲ့ ဘာသာပြန်တွေက မင်းတို့ ဘယ်မီဒီယာကပဲမေးမေး၊ ဘယ်သူပဲလာလာ သတ်တယ်လို့ပဲပြောလို့ ကျနော်တို့ ကြောက်လို့ ဒီအတိုင်းပြောတာပါတဲ့’။

“ဒီနေ့ ဒီချိန်ထိ ကလေးတွေဟာ ကြောက်တဲ့စိတ်ရှိနေသေးတယ်။ ကျနော်တို့က ပြောတာပေါ့နော်၊ ‘ကျနော်တို့မလာဘဲနဲ့ တစုံတယောက် လာမေးတာမြန်းတာရှိရင် မပြောကြနဲ့၊ စာရွက်တွေလာရင် လက်မှတ်မထိုးကြနဲ့’ လို့ ကျနော်တို့က သတိပေးတာပေါ့။ သတိပေးတဲ့အခါမှာ ဇော်လင်းက ဘာပြောလဲဆိုရင် ‘ဦးလေး ကျနော်လက်မှတ်မထိုးလို့ရှိရင် ကျနော် ရိုက်ခံရမှာပေါ့’ တဲ့။ ခုချိန်ထိ ကြောက်စိတ်က မပြေသေးဘူး။ သူတို့နှိပ်စက်ညှဉ်းပန်းခံရတာတွေကို ပြောပြတယ်။ အိတ်စွပ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေ။”

သူတို့ ၂ ဦးကို ရဲတွေက ၀န်ခံလက်မှတ်ထိုးခိုင်းရာမှာတော့ ထိုင်းစာတွေနဲ့သာ ရေးသားထားပြီး ဘာသာပြန်ပြတာ မရှိဘူးလို့လည်း  သံရုံးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၂ နာရီကျော်လောက်က လူငယ် ၂ ဦးဟာ ဘီယာသောက်ပြီးတာနဲ့ ရေဆင်းကူးခဲ့ကြောင်း၊ ၁၅ မိနစ်လောက်အကြာ ကုန်းပေါ်ပြန်တက်လာတဲ့အခါ ဂစ်တာနဲ့ အင်္ကျီပါ ပျောက်သွားပြီး ရဲတွေက ခေါ်စစ်တဲ့အချိန်ကျမှ တရားခွင်မှာ သူတို့ဂီတာကို ပြန်တွေ့တာလို့ ဆိုပါတယ်။

သူတို့ဟာ အဲဒီနောက်ပိုင်း အဖမ်းမခံရခင်အထိ အလုပ်ကို ပုံမှန်ဆင်းနေခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးကိုလည်း တခါမှ မမြင်ဖူးကြောင်း၊ သတ်တယ်လို့ စွပ်စွဲခံရတော့ တော်တော်အံ့သြမိကြောင်း  ပြောခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒါ့အပြင် ဒီအန်အေ စစ်ရာမှာ ဇော်လင်းကို တံတွေးတခါ၊ ၀င်းဇော်ထွန်းကို တံတွေးတခါ ဆီးတခါပဲ ယူခဲ့တယ်လို့ ဆိုပါတယ်။  သွေးတွေ၊ သုတ်ပိုးတွေမစစ်ဘဲ ဒီအချက်နဲ့တင် တူတယ်လို့ ထိုင်းရဲတွေ ပြောဆိုတာ တခုပဲရှိကြောင်း၊ ဒါကြောင့် အစကတည်းက အမှုတွဲ မခိုင်လုံဘဲ ခုမှပြန်စစ်ခိုင်းကြောင်း ၊ ပြန်စစ်မစစ်ကတော့ လူငယ် ၂ ဦးရဲ့ ရှေ့နေတွေပေါ် မူတည်တယ်လို့ သူကဆက်ပြောပါတယ်။

လူငယ် ၂ ဦးရဲ့ ထွက်ဆိုချက်အားလုံးကို သူတို့ဘက်က ချေပပြောဆိုပေးမယ့် ထိုင်းရှေ့နေများအဖွဲ့ကို တင်ပြမှာဖြစ်ကြောင်း၊ ဒါ့အပြင် လူငယ် ၂ ဦးကို အကြိမ်ကြိမ်မေးမြန်းထားချက်တွေအရ အပြစ်ကင်းစင်တယ်လို့ ယူဆတဲ့အတွက် သူတို့လွတ်ရာလွတ်ကြောင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုး သန့်က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013