
မင်းကွန်းဆရာတော်ဘုရာကြီး တည်ထောင်ထားခဲ့တဲ့ မန္တလေးက ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးမှာ ၂၄ နာရီ ကုသမှုပေးနိုင်ဖို့ အချိန်ပြည့် တာဝန်ထမ်းဆောင်ပေးမယ့် ဆရာဝန်တွေ လိုအပ်သလို အခမဲ့ကုသပေးနေတဲ့အတွက် ရန်ပုံငွေလည်း လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စတင်တည်ထောင်စဉ်က သံဃာတော်တွေကိုသာ လက်ခံ ကုသပေးခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က စတင်ပြီး လူမျိုးဘာသာမရွေး အားလုံးကို ကုသပေးနေပါတယ်။
သံဃာတော်တွေနဲ့ သီလရှင်တွေကိုတော့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေ ဆက်ကပ်လှူဒါန်းသလို လိုအပ်တဲ့ဆေးဝါးနဲ့ ခွဲစိတ်ကုသစရိတ်တွေကိုလည်း အခမဲ့ ကုသပေးပါတယ်။
လူပုဂ္ဂိုလ်တွေအတွက် သာမန်ရောဂါတွေကို အခမဲ့ ဆေးကုသပြီး ဆေးစာအုပ် မှတ်ပုံတင်ကြေး ၅၀၀ သာ ပေးဆောင်ရပါတယ်။
အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့မှာ ခွဲစိတ်မှုတွေ ပြုလုပ်လေ့ရှိပြီး ခွဲစိတ်ကုသမှု အတွက် အပြင်ဆေးရုံတွေထက် သက်သာတဲ့ ကုန်ကျစရိတ်သာ ပေးဆောင်ရပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ခွဲစိတ်ကုသမှုအမျိုးမျိုး ၁၈၀ နဲ့ ၂၀၀ ကြား ကုသပေးခဲ့ရပြီး နေ့စဉ်ပြင်ပ လူနာက ၂၅ နဲ့ ၃၀ ကြား ပုံမှန် လာရောက်ကုသကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။











