DVB Logo
Home
မြန်မာသတင်း
ကော်သူးလေတပ်မတော် ဖွဲ့စည်းရန် သဘောတူညီချက်ရရှိ
DVB
·
October 30, 2014
ကော်သူးလေတပ်မတော် ဖွဲ့စည်းရန် သဘောတူညီချက်ရရှိ
Donate to DVB

ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ဆွေးနွေးပွဲကနေ ကော်သူးလေ တပ်မတော်အဖြစ် ပေါင်းစည်းဖို့နဲ့  အားလုံးပါဝင်တဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်သွားဖို့ သဘောတူညီကြောင်း အစည်းအဝေးအပြီး ထုတ်ပြန် ကြေညာပါတယ်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့  ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကမူအရ သဘောတူလက်ခံပြီး ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ကတော့ အကြွင်းမဲ့ သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

KAFဒီအစည်းအဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကေအန်အယ်လ်အေ တပ်မဟာ (၇) က အမှတ် (၁၀၁) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖောဒိုက “ကရင်လက်နက်ကိုင်အားလုံး တခုတည်းပြန်ဖြစ်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက်ကတော့ အခုလက်ရှိ ကေအန်ယူက နိုင်ငံရေးဦးဆောင်မှု လမ်းစဉ်မှာ တွန်းအားတရပ်အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကော်သူးလေတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူတွေ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူဆုံးဖြတ် ခဲ့ကြပါတယ်။

နှစ်ရက်ကြာဆွေးနွေးပွဲရဲ့ ပထမနေ့တုန်းက  ကေအန်ယူကိုယ်စား လှယ်တွေ တက်ရောက်ပေမယ့် ဒုတိယနေ့မှာတော့ တက်ရောက်ခဲ့တာမရှိပါဘူး။  ဒါပေမယ့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ဒု-စစ်ဦးစီချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအန်ဒီအို) ဦးစီးချုပ် ဗိုလ်မှူးချုပ် နယ်ဒါးမြတို့က အစည်းအဝေးမှာ တယ်လီဖုန်းနဲ့ မိန့်ခွန်းပြောဆိုခဲ့ကြပါတယ်။

ဒီဗွီဘီက  တယ်လီဖုန်းနဲ့ သီခြားမေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဘောကျော်ဟဲက “ပြည်သူလူထုတွေက တပ်မတော်တခုတည်းဖြစ်ဖို့ လိုလားသလို ကျနော်တို့လည်း တပ်မတော်တခုတည်း ဖြစ်ဖို့ လိုလားပါတယ်။ လက်ရှိအချိန်မှာ ကျနော်တို့  စုစည်းနိုင်ခြင်း မရှိသေးတဲ့အပေါ်  ကျနော်တို့ စုစည်းချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း  သဘောထားကို ထုတ်ပြန်ထားတယ်။ ဒီအပေါ် ကျနော်တို့ ညီညွတ်ရေးကော်မတီ အဖွဲ့ကနေပြီး ကရင်တပ်မတော်တွေ လက်တွဲသွားနိုင်ဖို့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားပါမယ်” လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် နယ်ဒါးမြက “လောလောဆယ်တော့ ကျတော်တို့ မတွေ့ဆုံနိုင်သေးပေမယ့် ကျတော်တို့တွေဟာ တစုတစည်းတည်းရှိတဲ့အကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေအနေနဲ့  ကျတော်တို့ တဖွဲ့နဲ့တဖွဲ့ ကူညီကြဖို့ ကရင်လူမျိုးရဲ့ ရည်မှန်းချက်ပြီးပြည့်စုံတဲ့ထိ စုစည်းညီညွတ်ဆောင် လုပ်ဆောင်ကြဖို့ပါ။ ကျနော်တို့တွေဟာ စောဘဦးကြီးရဲ့ သားသမီးတွေဖြစ်တဲ့အတွက် သူ့မူ ၄ ချက်ကို ကျနော်တို့ နှစ်လုံးထဲမှာ စွဲမြဲထားပါတယ်။  ဒါကြောင့် အားမငယ်ကြပါနဲ့လို့ အားလုံးကို ခွန်အားပေးချင်ပါတယ်” လို့ ပြောပါတယ်။

မနေ့က ပြီးဆုံးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကလည်း ကော်သူးလေတပ်မတော် ဖွဲ့စည်းရေးကို မူအားဖြင့် ထောက်ခံ ကြောင်း ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်တော်(ငြိမ်းချမ်းရေးကောင်စီ)က ကိုယ်စားလှယ်တော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့ကနေ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ ဒေါက်တာ တင်မိုသီကတော့ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒီကေဘီအေ၊ ကေကေအိုနဲ့ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေက ကရင်ကိုယ်စားလှယ်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013