DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းသူကြီးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ
DVB
·
October 30, 2014
လိပ်ကျွန်းသူကြီးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ
Donate to DVB

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။

[caption id="attachment_69283" align="alignright" width="325"]ဓာတ်ပုံ - thairath.co.th ဓာတ်ပုံ - thairath.co.th[/caption]

ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သံသယဖြစ်မှုတွေ ခံနေရတဲ့အတွက် သံသယတွေ ရှင်းသွားအောင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီအန်အေ လာရောက် အစစ်ခံတာလို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သူကြီးကလည်း ဒီလူသတ်မှုမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြစ်ရပ်မှန်ထက် လွန်ကဲ ရေးသားလို့ သူတို့မိသားစုအပေါ် ထိခိုက်သလို ခိုတောင်ကျွန်းကိုရော ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကိုပါ ထိခိုက်ကြောင်း၊ အမှန်က စစ်ဆေးရေးလုပ်ငန်းစဉ်တွေလည်း ရှိပါလျက် သူ့ကို ဖုန်းဆက်မေးလို့လည်း ရပါလျက်နဲ့ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာ မသိကြောင်း၊ သူတို့ကို နာမည်ပျက်အောင် ရေးသားဖော်ထုတ်နေတဲ့ လူမှုကွန်ရက်တွေကို ရှေ့နေတွေကနေတဆင့် တရားစွဲမယ်လို့   ပြောသွားပါတယ်။

သူကြီးသားကလည်း ဒီဖြစ်ရပ်ပေါ်မှာ ၀မ်းနည်းမိကြောင်း၊ ဘယ်သူမှန်းမသိရတဲ့ (အကောင်အထည်မရှိတဲ့) သူက ရေးသားတဲ့ဟာကို ယုံကြည်တဲ့ ထိုင်းလူမျိုးတွေကိုလည်း အံ့သြကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မိမိကို လာရောက်မေးမြန်းတာ မရှိကြောင်း၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ လာမေးကြောင်း ပြောသွားပါတယ်။

ဒီကနေ့ ဒီအန်အေစစ်ဆေးမှုမှာ ဘန်ကောက်ခရိုင် ဆီရီရတ်ဆေးရုံ၊ ချူလာလောင်ကွန်းဆေးရုံ၊ ရာမာဓိပတိဆေးရုံက ၀န်ထမ်းတွေနဲ့ ရဲဆေးရုံ မှုခင်းဆေးသိပ္ပံဌာနက ၀န်ထမ်းတွေရှေ့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအန်အေရဲ့ ရလဒ်ကတော့ ၂၄ နာရီကြာမှသာ အဖြေထွက်မယ်လို့ ဆေးဝန်ထမ်းတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြ ပါတယ်။

သေဆုံးသူ ၂ ဦးထဲက အမျိုးသမီးဖြစ်သူ ဟန်နာဝစ်သရစ်ဟာ အဓမ္မပြုကျင့်ပြီးမှ အသတ်ခံရတာ ဖြစ်ကြောင်း ဆေးစစ်ချက်မှာ ပေါ်တဲ့အတွက် သံသယရှိသူတွေရဲ့ ဒီအန်အေ မျိုးဗီဇကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါဟာ လူသတ်မှု ဖြစ်ပွားပြီး ရက်ပေါင်း ၄၅ ရက်အကြာမှာ စစ်ဆေးခံခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က  အမှုကိုင်တွယ်တဲ့ ရဲတွေက သူကြီးသားဟာ သံသယရှိသူထဲ မပါလို့  ဒီအန်အေစစ်ဆေးဖို့ မလိုအပ်ကြောင်း၊ သံသယမရှိဘဲ စစ်ဆေးရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သံသယရှိ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေတွေဟာ အဓမ္မကျင့်ခံရသူ ဟန်နာရဲ့ ကိုယ်က ဒီအန်အေနဲ့ တိုက်ဆိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာ ၂ ဦးဟာ ပထမတကြိမ် စစ်ဆေးခံရစဉ်က ဒီအန်အေတူညီကြောင်း မတွေ့ရဘဲ ဒုတိယအကြိမ်မှ တွေ့ရှိတဲ့အပြင်၊ ရဲတွေက သူတို့ကို  ရှေ့နေရှေ့မှာ စစ်ဆေးတာ မဟုတ်တဲ့ အတွက် ရဲတပ်ဖွဲ့ကလည်း သံသယမေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စပေါ်မှာ ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ကျန်အိုးချားကတော့ ဒီအန်အေ စစ်ဆေးချက်ပေါ်မှာ သံသ ယဖြစ်ရင် ပြန်လည်စစ်ဆေးနိုင်ကြောင်း၊ အပြစ်မရှိဘဲနဲ့ ဒဏ်ပေးမှာ မဟုတ်ကြောင်း၊ တရားခံတွေဟာ တရားရုံးမှာ ပြန်လည်ချေပနိုင်ပြီး သူတို့အခွင့်အရေးဖြစ်တဲ့အတွက်  ဟန့်တားမှု မရှိကြောင်း၊ တရားစီရင်မှုမှာတော့ သက်သေအထောက်အထားတွေသာ အဓိကကျတယ်လို့ အောက်တိုဘာ ၃၀ ရက် ပညာရေးဝန်ကြီးဌာန အစည်းအဝေးအပြီး သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုမှာ မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းရဲတွေဟာ အစကတည်းက သက်သေပြည့်စုံအောင် မလုပ်ခဲ့ဘဲ ခုမှပြန်လုပ်ခိုင်းတာ နည်းလမ်းမကျဘူးလို့ ပြောပါတယ်။

“ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့နိုင်ငံထဲက အမှုတွဲကို သူတို့စပြီး စီစဉ်ကတည်းက ဒါတွေကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရမှာပါ။ အခုမှ မကျေနပ်ရင် စစ်ဆေးပါလို့ ပြောတဲ့သဘောကတော့ ကျနော်တို့ ဗမာပုံပြင်အရ ဖိုးသူတော်ဂဏန်းစားတဲ့ ပုံပြင်လို ဖြစ်နေပါတယ်။ အကောင်ကြီးတယ်၊ နောက်တခေါက်ပြန်လျှောက်ဆိုပြီး ရေနွေးပူပေါ် ပြန်လျှောက်ခိုင်းတာ၊   ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီအန်အေ ပြည့်စုံမှု မရှိကြောင်း ဒီလဆန်းပိုင်းက ကျနော် ပြောခဲ့ပါသေးတယ်။ အစက ဘာမှမပြောဘဲ အခုလိုကျမှ မတတ်သာတဲ့အဆုံးမှာမှ ပြန်စစ်ရင်လည်း စစ်လို့ ပြောတာက ဒီလို ပြစ်ဒဏ်ကြီးတဲ့အမှုမှာ နည်းလမ်းမကျဘူးလို့ပဲ ပြောချင်ပါတယ်။”

သံသယဖြစ်ခံ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ ပြန်စစ်၊ မစစ်ကတော့ သူတို့ဘက်က ချေပပေးမယ့် ရှေ့နေကောင်စီအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦး တရားမျှတမှုရှိရေးအတွက် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့က သွားရောက် တင်ပြခဲ့တာမှာ ထိုင်းရှေ့နေများကောင်စီက လက်ခံခဲ့ပြီး  အဖွဲ့ဝင်  ၂၀  ဦးပါ ရှေ့နေအဖွဲ့ကို ဖွဲ့ခဲ့ကြောင်း၊ အဲဒီထဲက ၁၂ ဦးဟာ တရားရုံးမှာ ရင်ဆိုင်ပေးမှာ ဖြစ်ပြီး နောက်ထပ်  ၈ ဦးက အတိုင်ပင်ခံဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013