DVB Logo
Home
Lead Story
ကေအန်ယူ အရေးပေါ်အစည်းအဝေး မေးမြန်းချက်
DVB
·
October 30, 2014
ကေအန်ယူ အရေးပေါ်အစည်းအဝေး မေးမြန်းချက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ သီတင်းတပတ်အကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှာ ဘာတွေ အဓိကထားဆွေးနွေးခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒို စောသမိန်ထွန်းကို နော်နိုရင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

Saw ThaMainTun ကေအန်ယူရဲ့ အရေးပေါ် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြသလဲ။

“ကျနော်တို့ အဓိက အချက် ၃ ချက်ပဲလေ။ ၁ အချက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အစိုးရနဲ့ဆွေးနွေးတဲ့ နေရာမှာ ကျနော်တို့ ၁၅ ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ထားတဲ့ ကေအန်ယူ လမ်းစဉ်လုပ်ငန်းစဉ်နဲ့ ကိုက်ညီသလား။ အဲဒါကျနော်တို့ ညှိနှိုင်းတော့ ကိုက်ညီတယ်။ ဒါက ဆက်လက်လုပ်မယ်။"

“နောက်တခုက ကော်သူးလေတပ်မတော် (ကေအေအက်ဖ်) ကိစ္စပဲ။ ဒီကိစ္စမှာလည်း ကျနော်တို့ ပြန်ကြည့်တဲ့အခါ ကျနော်တို့ဒါကို မူအရ လက်ခံတယ်။ မူအရ လက်ခံတယ်ဆိုပေမယ့် အဲဒီ သူတို့ လက်မှတ်ထိုးထားတဲ့ အထဲမှာ တိုင်းဂါးက လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် တိုင်းဂါးကို သူ့အဖွဲ့အစည်းက ထုတ်ပယ်ပစ်ပြီးဆိုတော့ ကန့်လန့်ကြီးဖြစ်တယ်။ ဒါကြောင့်မို့ ဒီမူအရ လက်ခံတာကို ၁၆ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်ကျမှ ကေအန်ယူရဲ့ လမ်းစဉ်ပေါ်လစီနဲ့အညီ ကရင်အမျိုးသား ပြန်လည်ပေါင်းစည်းရေးကိစ္စတွေနဲ့ ညှိနှိုင်းပြီးရင် ကေအေအက်ဖ် ကိစ္စကို သုံးသတ်ပြီးမှ အခိုင်အမာ သူဘောတူ ချုပ်ကြမယ်။

“နောက်တချက်က ယူအန်အက်ဖ်စီ ကိစ္စ။ ယူအန်အက်ဖ်စီကိစ္စမှာ ကျနော်တို့ ကေအန်ယူက ချမှတ်ထားတဲ့ မူလမ်းစဉ်တွေနဲ့ မတူတာလေးတွေရှိတယ်။ အဓိက ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းတဲ့ပုံစံပေါ့။ ဖက်ဒရယ်တပ်မတော်ကို မူအရတော့ ကျနော်တို့လက်ခံတယ်လေ။ ဒါပေမယ့် သူ့ဟာက လက်တွေ့အကောင်အထည်ဖော်တဲ့ စနစ်ပုံစံနဲ့ သွားတယ်။ မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်တိုင်း၊ တပ်တွေက စုဖွဲ့မှုတွေနဲ့ သူတို့က ဖွဲ့စည်းထားတာ။"

“ဒီကနေ့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့အချိန် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်နေတဲ့ အချိန်အခါမှာ ကျနော်တို့ ယူအန်အက်ဖ်စီက လုပ်တဲ့ပုံစံက အစိုးရနဲ့ ယှဉ်ပြိုင်သလိုဖြစ်သွားတယ်။ တဖက်ကအစိုးရလည်း ဒါကို ကြည့်ပြီးမှ ဒီကနေ့လာပြီး အန်စီစီတီဆွေးနွေးတဲ့ကိစ္စတွေက ရိုးသားပါ့မလားဆိုပြီး သူတို့မှာ သံသယ ရှိလာနိုင်တယ်။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့နေရာမှာ အပစ်အခတ် ရပ်စဲရေးပိုင်းဆိုင်ရာမှာ ကြန့်ကြာနေတယ်။ ၂၀၁၅ မှာမှ ပြီးပါ့မလားတို့ ဖြစ်လာတာက ဒီကိစ္စလည်း တခုအပါအ၀င်ပါ။ အားလုံးသူ့ကြောင့်တော့ မဟုတ်ဘူး။ တခုအပါအ၀င်ပါ။ ဒီလိုတွေဖြစ်တော့ ကျနော်တို့က ယူအန်အက်ဖ်စီကနေ ယာယီနုတ်ထွက်ထားပြီးမှ ဒါကို ယူအန်အက်ဖ်စီနဲ့ ကေအန်ယူ ကိုယ်စားလှယ်တွေနဲ့ ပြန်ဆွေးနွေးမယ်။ နောက်ဆုံး ကေအန်ယူက ကျေနပ်လောက်တဲ့ အနေအထား ရောက်လာရင် ကနော်တို့ အဲဒီမှာ ပြန်ဝင်မယ်။ ”

ညှိနှိုင်းလို့ အဆင်မပြေဘဲ ကေအန်ယူက လိုချင်တဲ့အတိုင်း မရဘူးဆိုရင်ကော့ ဘာဆက်လုပ်မှာလဲ။

“ဒီလိုရှိတယ်။ ကျနော်တို့ ဒီကနေ့ ပြန်ညှိနှိုင်းတဲ့အခါမှာ ကရင်က လိုချင်တဲ့ပုံ ကွက်တိကြီးတော့ ဘယ်ရမလဲဗျာ။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ အခြေခံလိုအပ်ချက်တွေအထိတော့ ရနိုင်မယ်လို့လည်း ကျနော်တို့က ဒါတွေကို စဉ်းစားထားပြီးသား။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ကျနော်တို့ ယူအန်အက်ဖ်စီမှာ ပါဝင်တဲ့အဖွဲ့တွေဟာ အရင်တုန်းကတည်းက ကျနော်တို့ တပ်ပေါင်းစုဖွဲ့တဲ့နေရာမှာ အတူတကွပါဝင်ခဲ့တဲ့လူတွေ။ တပ်ပေါင်းစု ပုံသဏ္ဌာန် နာမည်တွေ ပြောင်းထားပေမယ့် ဒီလူဟာ ဒီလူပဲ ဆိုတော့ ကျနော်တို့ ညှိနှိုင်းရင်း ရနိုင်တယ်လို့ သဘောထားတယ်။ ရနိုင်တဲ့အထိလည်း ကျနော်တို့ စိတ်ရှည်လက်ရှည်နဲ့သွားမှာပါ။”

အခု ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီအဖွဲ့ကနေ ဆက်လက်ပြီး ယာယီရပ်ဆိုင်းထားတဲ့ အတွက် အစိုးရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ ပြောနေပမယ့် တဖက်မှာလည်း လူထုတွေရဲ့ ဝေဖန်သံတွေ ကြားနေရပါတယ်။ ယူအန်အက်ဖ်စီနဲ့ပဲ ပြန်ပေါင်းစေချင်တယ်။ ဆိုတော့ လူထုတွေရဲ့ ထောက်ခံမှုမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့ဆက်နိုင်ပါ့မလား။

“လူထုက အခြေခံကိုလည်း သိပ်မသိဘူးလေ။ ကျနော်တို့က အခုနက ပြောသလို ဖက်ဒရယ် တပ်မတော်ကို မူအားဖြင့် လက်ခံပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့ပုံက အစိုးရနဲ့ ယှဉ်ပြိုင်သလိုဖြစ်နေတယ်။ ဒီတော့ တဖက်ကလည်း ယဉ်ပြိုင်လာသလိုဖြစ်တဲ့အခါကျတော့ သူတို့ကလည်း စိုးရိမ်မှုတွေရှိမှာပဲ။ ရှိလာရင် တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာနေတဲ့ဟာ အခု ဖြစ်သွားနိုင်တယ်ဗျာ။ ”
ဒီလိုမျိုးကြောင့် ကြန့်ကြာနိုင်တယ်ဆိုရင် အစိုးရက တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေပေါ်မှာကော ကေအန်ယူအနေနဲ့ ဘာပြောချင်လဲ။

“ထိုးစစ်ဆင်နေတဲ့ကိစ္စတွေကိုလည်း ကျနော်တို့ ဒီကနေ့ လက်နက်ကိုင်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီးတော့မှ ဒီကိစ္စတွေကို ဆွေးနွေးဖို့လည်း ကျနော်တို့မှာ အစီစဉ်ရှိတယ်လေ။ ကျနော်တို့ လူတွေကိုလည်း ပစ်သတ်သွားတာရှိပါတယ် ညောင်လေးပင်ဘက်မှာ။ ဒါကိုလည်း ကျနော်တို့ သူတို့ကို ကန့်ကွက်စာတင် ထားတယ်လေ။ အဲတော့ ကျနော်တို့က ဒါကို အကျေအလည်ပဲ ဆွေးနွေးသွားမယ်။

“အစိုးရက ဒီကနေ့ မြောက်ပိုင်းမှာ ထိုးစစ်ဆင်တွေလုပ်တာတွေ များလွန်းအားကြီးရင်လည်း ကျနော်တို့က သူတို့ကို ကန့်ကွက်စာတွေ အများကြီးပေးရတော့မှာပေါ့။ တွေ့ဆုံဆွေးနွေးရေး ပျက်ပြားအောင် လုပ်တာက လူမျိုးစုတွေမဟုတ်ဘဲနဲ့ သူတို့ပဲ ဖြစ်တယ်ဆိုတဲ့ ကန့်ကွက်စာမျိုးပေါ့။ ဒါပေမယ့် အခုက ဒါတွေကို ဘာမှ မပြောပြောသေးပါဘူး။”

အခုလက်ရှိ အစိုးရနဲ့လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ကေအန်ယူအနေနဲ့ အစိုးရကို ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်မှုရှိလဲ။

“ဒီလိုရှိတယ်။ နှစ်ပေါင်းများစွာ ပြဿ နာတွေက တက်လာတဲ့အခါကျတော့ ပြောရမယ်ဆိုရင် အစိုးရကလည်း ကျနော်တို့ကို ယုံကြည်မှုရှိတာမဟုတ်ဘူး။ မရှိပေမယ့် တပြည်လုံးပြဿ နာနဲ့ပတ်သက်ရင် ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီးမှ ငြိမ်းချမ်းရေးလုပ်မှဖြစ်မယ်။ ငြိမ်းချမ်းရေးလုပ်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်နိုင်မယ်။ ဒီအခြခံကို ကြည့်ပြီးမှ သူကလည်း ကျနော်တို့ကို တွေ့ဆုံဆွေးနွေးရေးခေါ်တာကို။ ကျနော်တို့ကလည်း ဒီတိုင်းဆိုရင် ကျနော်တို့ရဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘ၀က မြင့်မားလာမှာ မဟုတ်ဘူးဆိုတော့ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲလုပ်တာကိုး။ ဒါပေမယ့် သူ့ဘက်ကလည်း စိုးရိမ်မှုရှိတယ်။ ကိုယ့်ဘက်ကလည်း စိုးရိမ်မှုတွေ ရှိတယ်။ ဆိုတော့ ဒီစိုးရိမ်မှုကို ရှောင်ရှားနိုင်အောင် ကျနော်တို့က ဆွေးနွေးတာဖြစ်တယ်။ ဒါပေမယ့် စားပွဲခုံပေါ်မှာပဲ လုပ်မှပါ ဒီကိစ္စက။”

ဒီငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်တဲ့နေရာမှာ ကေအန်ယူအနေနဲ့ သီးသန့် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုတဲ့အသံတွေ ထွက်နေတယ်။ အဲဒါဟုတ်လား။

“အဲဒါတွေက ဘေးဗန်းစကားတွေပါ။ ကျနော် ဗမာ စကားပုံလေး တခုကို ပြောချင်တယ်ဗျ။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲနေတော့ ဘေးကလူတွေက အမျိုးမျိုးထင်နေကြတာပေါ့။ မီဒီယာတွေက ဒီခေတ်က သိပ်များတယ်လေ။ တချို့မီဒီယာတွေက တကယ့် သမာသမတ်ကျပါတယ်။ တချို့မီဒီယာက ကလေးတွေဗျာ။ ဟိုတို့ဒီတို့ဆိုတော့ အကုန်လုံး ရှုတ်ကုန်တာပေါ့။ စိတ်ချပါ ကျနော်တို့ မလုပ်ပါဘူး။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013