DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ဆွေးနွေးမည်
DVB
·
October 29, 2014
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ဆွေးနွေးမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြားလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ကြားတာလို့ ဖိတ်ကြားစာလက်ခံရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးမယ့် အကြောင်းအရာ ၃ ချက် ရှိပါတယ်။ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ညင်သာစွာနဲ့ ခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အဲ့ဒီအချက်တွေ ဆွေးနွေးနိုင်ဖို့ ဆိုပြီး အက်စ်အန်အယ်လ်ဒီပါတီ အနေနဲ့ရော ယူအန်အေ ကိုယ်စားပါ ဦးခွန်ထွန်းဦးကို ဖိတ်တာပါ။”

Myanmar pro-democracy leader Aung San Suu Kyi is pictured as she attends a parliamentary meeting at the Lower House of Parliament in Naypyitawဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသန်းတင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တယောက် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပထောက်ခံမှု အများအပြားရထားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့တွေ့ဆုံဖို့ မနှစ်နှစ်ကုန်ပိုင်းက  တောင်းဆိုခဲ့ပြီး နောက်ပိုင်း ဖြစ်ထွန်း တိုးတက်မှုဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က “သမ္မတအနေနဲ့ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ သဘောမျိုးလုပ်တယ်လို့ မြင်ပါတယ်။ လေးပွင့်ဆိုင်ကိုလည်း သူငြင်းပယ်တာမျိုး မဟုတ်ဘဲနဲ့ လေးပွင့်ချည်းပဲလည်း မဟုတ်ရအောင်ပေါ့နော် အဖွဲ့အစည်းစုံအောင် ဖိတ်လိုက်တဲ့ သဘောပေါ့။ နောက်တခု ကျနော်မြင်တာပေါ့နော်၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့အနေအထားမျိုး ဖြစ်ချင် ဖြစ်နေမယ်။ အဲ့ဒါတချက်၊ နောက် တချက်က အမေရိကန်သမ္မတ အိုဘားမား လာကာနီးပြီ။ ကမ္ဘာ့အမြင်မှာ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားနေပါတယ် ဆိုတာကိုလည်းပဲ သမ္မတက ပြချင်တာပါလိမ့်မယ်။ ဒါကြောင့်မို့ အခုလို စုဆုံဖို့ လုပ်လိုက်တာလို့ ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာ ရေဒီယိုမိန့်ခွန်းမှာ အပစ်ရပ်လက်မှတ်ထိုးနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲ ရေရာသေချာပြီး ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာ နိုင်မယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013