ရန်ကုန်တွင် ကိုပါကြီးအရေး ဆန္ဒပြသူအချို့ တရားစွဲခံရ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကိုပါကြီးဖြစ်ရပ် အမှုမှန် ဖော်ထုတ်ပေးရေး ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြရာမှာ ပါဝင်သူတွေတချို့ကို  တရားစွဲဆိုထားပါတယ်။ ကျောက်တံတားမြို့နယ် ရဲစခန်းစခန်းမှူးက တရားစွဲဆိုခဲ့တယ်လို့ ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားခဲ့သလို ဘယ်သူတွေကို တရားစွဲထားတယ်၊ ဘာပုဒ်မနဲ့ စွဲဆိုထားတယ်ဆိုတဲ့ အသေးစိတ် မေးမြန်းရာမှာတော့ ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုမိုးသွေးက ပြောပါတယ်။ dvbP2“ကျနော်က ကျောက်တံတား ရဲစခန်းကို လှမ်းမေးလိုက်တာ၊ ကျနော်ကို အဲလိုစွဲတာ ဟုတ်လားပေါ့။ စခန်းမှူးကလည်း ဟုတ်တယ်၊ အမှုဖွင့်ထားတယ်လို့ ပြောတယ်။ အဲဒီတော့ အမှုဖွင့်ထားတယ်၊ ဘယ်နှယောက်ကို ဖွင့်တာလဲ ဘယ်လိုတွေ ဖွင့်တာလဲ မေးတယ်။ ပြီးတော့ လျှောက်လွှာတင်တုန်းက ပေးထားတဲ့ လိပ်စာတွေ ရှိတယ်။ အဲဒီလိပ်စာအတိုင်း တရားဝင် စာလာပို့ပေးပါလို့ ပြောတော့ တိတိကျကျ ပြန်မပြောဘူး။” ကျောက်တံတားရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ စခန်းမှူး မရှိတဲ့အတွက် ဖြေကြားနိုင်ခြင်း မရှိဘူးလို့ အကြောင်းပြန်ပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲမှာ ၈၈  မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်တို့လည်း ဟောပြောခဲ့ကြပြီး ခုချိန်ထိတော့ ရဲစခန်းက တစုံတရာ အကြောင်းကြားခြင်း မရှိသေးတဲ့ အခုလို တရားစွဲတဲ့ကိစ္စအပေါ် သတင်းထုတ်ပြန်လိုခြင်း မရှိဘူးလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးပြုံးချိုက ပြောပါတယ်။ ကိုပါကြီးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံရေး အင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ခွင့်ပြုချက်မရရှိပေမယ့်လည်း  မန္တလေးမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ စက်တင်ဘာလကုန်က ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

More News
Up