သစ်မွှေးပင် ပြည်ပတင်ပို့ပါက ပါမစ်ယူရမည်
DVB
·
October 28, 2014
သစ်မွှေးပင် ပြည်ပကို တင်ပို့ပါက ရှားပါးတောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန် မျိုးစိတ်ဆိုင်ရာ နိုင်ငံတကာကုန်သွယ်ရေး သဘောတူညီချက် (CITES) ပါမစ် ရယူပြီး အခွန်ငွေ ပေးသွင်းရမယ်လို့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားလိုက်ပါတယ်။
သစ်မွှေးပင်ကို စိုက်ပျိုးသူတွေအနေနဲ့ စိုက်ပျိုးမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ သတ်မှတ်ချက်နဲ့ အညီ မှတ်ပုံတင်ဖို့ လိုသလို သစ်မွှေးပင်ဟာ CITES Appendix II မှာ ပါဝင်တဲ့ မျိုးစိတ် ဖြစ်တဲ့အတွက် ပြည်ပကို တင်ပို့ရောင်းချပါက ပါမစ်ယူပြီး အခွန်ငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သနပ်ခါးအပေါ် အခွန်ကောက်ခံမှု မပြုဘဲ ကင်းလွတ်ခွင့်ပြုဖို့ကိစ္စနဲ့ ပတ်သက်ပြီး သနပ်ခါးပင်ကို မိမိကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ သဘာဝသစ်တောကနေ ထွက်ရှိတာ မဟုတ်ကြောင်း သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနရုံးမှာ စည်းကမ်း သတ်မှတ်ချက်နဲ့ စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားရယူဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်သစ်တောဦးစီးဌာနကို အကြောင်း ကြားထားတယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ဆိုပါတယ်။
နိုင်ငံတကာမှာ သစ်မွှေးပင်ကို တိုင်းရင်းဆေး၊ အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းတွေနဲ့ အမွှေးတိုင်ပြုလုပ်ရာမှာ သုံးစွဲကြတယ်လို့ သိရပါတယ်။