DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးအကောင်အထည်ဖော်ရန် ရှမ်းပါတီ တိုက်တွန်း
DVB
·
October 27, 2014
နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးအကောင်အထည်ဖော်ရန် ရှမ်းပါတီ တိုက်တွန်း
Donate to DVB

လတ်တလော တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့၊ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(အက်စ်အန်အယ်လ်ဒီ) က တိုက်တွန်းလိုက်ပါတယ်။

snld_flagတိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဆောင်ရွက်ရမှာဖြစ်သလို လက်နက်ကိုင်လမ်းစဉ်နဲ့  နိုင်ငံရေးပြဿ     နာကို မဖြေရှင်းနိုင်ကြောင်း အောက်တိုဘာ ၂၆ ရက်  ပါတီထူထောင်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနားမှာ ထုတ်ပြန်လိုက်ပါတယ်။

အစိုးရကလည်း နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးနဲ့ တပြည်လုံးအပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပေမယ့် လက်ရှိအခြေအနေမှာတော့ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုက အန်စီစီတီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နဲ့  ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့  တပြည်လုံးအပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေကြတယ်။  ဒါက ရှေ့မတိုးနိုင်ဖြစ်နေတယ်၊ အောက်တိုဘာလထဲမှာ တွေ့ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ဆိုတော့ကာ အဲဒါတွေကို ကျနော်တို့က ပြန်စစေချင်တယ်။ ပြန်ပြီးတော့ ကျင်းပစေချင်တယ်။ ရှမ်းပြည်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ တအားများနေတယ်။ အဲဒါကို စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးတာ ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ ထုတ်ပြန်လိုက်တာပါ။”

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အကြိမ်ကြိမ် အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ခဲ့ဖူးပေမယ့် ပဋိပက္ခ ပိုမိုရှည်ကြာ ရှုပ်ထွေးလာတာဟာ ယုံကြည်မှုအစစ်ကို မတည်ဆောင်နိုင်တာ၊ တဘက်ရဲ့ ဆန္ဒသဘောထားကို တဘက်ကလေးစားမှု အသိအမှတ်ပြုမှု မရှိတာတွေကြောင့် ဖြစ်တယ်လို့ အက်စ်အန်အယ်လ်ဒီက ထောက်ပြပါတယ်။

အစိုးရက ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခကို မဖြေရှင်းနိုင်တဲ့အတွက် ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ပြီး ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

သူတို့ပါတီအနေနဲ့လည်း ရှေ့ဆက် ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေနွေးပွဲကြီး ဖြစ်မြောက်ရေး အဓိကထား ကြိုးစားဆောင်ရွက်သွားမယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်တော့ ပါတီအနေနဲ့ ကြိုတင်ပြင်ဆင်ထားတာတွေ မရှိသေးကြောင်း၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့တော့ လိုအပ်ချက်တွေ များစွာရှိနေပြီး မဲပေးရမယ့်  ပြည်သူတွေကိုလည်း ပိုပြီးပညာပေးသင့်တယ်လို့ ဆိုပါတယ်။

၁၉၉၀  ရွေးကောက်ပွဲတုန်းက တပြည်လုံးမှာ ဒုတိယ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရလက်ထက်မှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံခဲ့ရသလို ပါတီလည်း ဖျက်သိမ်းခံခဲ့ရတာပါ။

သမ္မတ ဦးသိန်းစိန်လက်ထက် ပါတီမှတ်ပုံပြန်တင်ပြီးတဲ့နောက် လက်ရှိ ပါတီဝင်ပေါင်း သုံးသောင်းခွဲကျော်၊ လေးသောင်းနီးပါး ရှိသွားပြီလို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013