DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ အောင်သင်း လူကြီးရောဂါဖြင့် ကွယ်လွန်
DVB
·
October 25, 2014
စာရေးဆရာ အောင်သင်း လူကြီးရောဂါဖြင့် ကွယ်လွန်
1 / 2
Donate to DVB

စာရေးဆရာ ဦးအောင်သင်း အသက် ၈၈ နှစ်ဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၇ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သားဖြစ်သူ ဦးအောင်မြိုင်သင်းက ဒီဗွီဘီကို ပြောပါတယ်။

“ခန္ဓာကိုယ်ထဲမှာ ပျက်စီးနေတာတွေတော့ အများကြီးပေါ့။ ကျောက်ကပ်လည်း သိပ်မကောင်း၊ အသည်းလည်း သိပ်မကောင်း၊ အဆုတ်လည်း သိပ်မကောင်း ဖြစ်နေတာ။ ပြီးခဲ့တဲ့ လကတည်းမှာထဲက ဆေးရုံတင်လိုက်ရတာ ရှိပါတယ်။ ဒီနေ့မနက်မှာ သတိမရတော့လို့ အာရှ တော်ဝင်ဆေးရုံမှာ ပြန်တင်တာ ၁၀ နာရီ ၇ မိနစ်မှာ ဆုံးတယ်လို့ သိရပါတယ်။”

ဆရာအောင်သင်းနဲ့ နီးစပ်တဲ့ စာရေးဆရာ ကြည်မင်းက ဆရာ မမာနေတာ မနှစ်ကတည်းကလို့ ပြောပါတယ်။

sayar-aung-tin“အစားမ၀င်ဘူးလေ။ ကျနော်တို့ မနှစ်ကတုန်းက ဆေးရုံကို ၂ ကြိမ်ပြန်တင်ရတယ်။ ဒီနှစ်မှာ စက်တင်ဘာလဆန်းမှာ ရွှေဗဟိုဆေးရုံကို ပြန်တင်တယ်။ ပြဿ နာက အစာကို မကြိုက်တာဗျ။ အစာမကြိုက်တော့ ဘာလုပ်ရလဲဆိုတော့ ပရိုတင်းဖျော်ရေတွေကို ကျွေးနေရတယ်။ လမ်းမလျှောက်နိုင်တာ ၈ လလောက်ရှိပြီ။ တခါတလေတော့လည်း ကြိုးတန်းလေးနဲ့ တုတ်ကောက်လေးနဲ့ လျှောက်ပေါ့ဗျာ။”

ဆရာအောင်သင်းဟာ အက်ဆေးစာပေ အပါအ၀င် ၀တ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေးနဲ့ လူငယ်တက်ကျမ်းစာပေ စသဖြင့် စာမျိုးစုံရေးသားနိုင်တဲ့ စာရေးဆရာတဦးဖြစ်သလို စာပေဟောပြောတဲ့အပိုင်းမှာလည်း ထူးချွန်အောင်မြင်သူ ဖြစ်ပါတယ်။

ဆရာဟာ ၁၉၈၀ကျော်ကာလ မြန်မာဝတ္ထုတိုရွှေခေတ်လို့ တင်စားသုံးနှုန်းပြောဆိုရတဲ့အချိန်မှာ ကျနော်အကြိုက်ဆုံးဝတ္ထုတိုများဆိုတဲ့ ဝေဖန်ရေးဆောင်းပါးကို သဘင်မဂ္ဂဇင်းမှာ လစဉ်မပျက် ရေးသားခဲ့ပြီး စာပေပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်း အဲ့ဒီအချိန်က သဘင်မဂ္ဂဇင်းကိုင်ခဲ့တဲ့ အယ်ဒီတာ စာရေးဆရာ ချစ်ဦးညို က အခုလို ပြောပါတယ်။

“၁၉၈၃ ကစပြီး အမှတ် ၁ အတွဲ ၁ က စပြီး သဘင်မဂ္ဂဇင်းမှာ တောက်လျှောက်ရေးသွားတာ သဘင်မဂ္ဂဇင်း ချုပ်ငြိမ်းတဲ့ ၁၉၈၈ အထိပါပဲ။ အဲဒီမှာ သူအချိန်မီ ဖတ်နိုင်အောင် မဂ္ဂဇင်း စာအုပ်တွေ ၀ယ်ပေးရတာ ရှိတယ်။ နောက်တော့ မဂ္ဂဇင်းစာအုပ်တွေ ထွက်ရက်တွေ မမှန်တော့ သူ့ဘာသာသူ ၀ယ်ဖတ်ရတာတွေ ရှိတယ်။ တလတလကို မဂ္ဂဇင်းထဲမှာ ပါတဲ့ ၀တ္ထုတို အပုဒ် ၄၀၊ ၅၀၊ ၆၀၊ ၇၀ လောက် ဖတ်ရတယ်။ ဖတ်ပြီးတော့ သူအကြိုက်ဆုံး ရွေးပြီးတော့ ညွှန်းချင်တဲ့ဟာကို ရေးပေါ့။ တော်တော့်ကို သူအလုပ်လုပ်ရပါတယ်။ သူ့ရဲ့ ကျနော်အကြိုက်ဆုံးဝတ္ထုတိုများဟာ အဲဒီအချိန်တုန်းကလည်း ၀တ္ထုတို ရွှေခေတ်လို့ ပြောနေကြတဲ့ ကာလပေါ့။ အဲဒီတော့ ဦးအောင်သင်းရဲ့ ဒီကဏ္ဍထွက်ပေါ်လာခြင်းဟာ ဒီဝတ္ထုတိုရွှေခေတ်ကို အများကြီး အကျိုးပြုတယ်ပေါ့။ တချို့ဆိုရင် ဦးအောင်သင်း ရဲ့ ဒီကဏ္ဍမှာ ဘယ်သူပါမလဲ၊ ဘယ်သူပါမလဲဆိုပြီးတော့ ထီတိုက်သလိုတိုက်ခဲ့ရတာမျိုးရှိတယ်လို့ သိရတယ်။ ကျနော်က အယ်ဒီတာ လုပ်ခဲ့တာဆိုတော့ ကောင်းကောင်းသိတယ်။ ဆရာဦးအောင်သင်း တော်တော် အပင်ပန်းခံပြီး လုပ်ခဲ့တာပါ။”

တခါ ဆရာအောင်သင်း စာဟောတဲ့အပိုင်း အောင်မြင်တဲ့အပေါ် ဆရာချစ်ဦးညို သုံးသပ်ပြတာက

“သူက ငယ်ငယ်ကလေးကတည်းက စကားပြေတွေ ကဗျာတွေ လင်္ကာတွေကို မကျက်ပဲနဲ့ ရွတ်ရင်း ဖတ်ရင်းနဲ့ အလွတ်ရထားတဲ့ အားသာချက် သူ့မှာတယ်။ အဲဒါတွေကို စာသံပေသံနဲ့ ရွတ်ပြနိုင်တယ်။ အာဝဇ္ဇန်း ရွှင်တယ် အဲဒီတခုဗျ။ နောက်တခုက သူက စာဖတ်ပရိသတ်အပေါ်မှာ ရင်းရင်းနှီးနှီးထားတယ်။ တရားမှုဘက်က ပြည်သူလူထုဘက်က တောက်လျှောက် ရပ်တည်လာတဲ့ စာရေးဆရာ။ အဲဒီလို ရပ်တည်ပြီးတော့ မတရားမှုတွေကို ဘယ်သူ့မျက်နှာ ရော ဘာသောညာသော တပည့်တော့ အစိုးရရော ဗိုလ်ချုပ်ရော ဘာကိုမှမထောက်ဘူး။ ပြောရဲဆိုရဲ အာဝဇ္ဇန်း ရွှင်တယ်။ ပရိသတ်အပေါ်မှာ ချစ်ခင်ရင်းနှီးစွာ သဘောထားတယ်။ စေတနာကောင်းထားတယ်။ သို့ကြောင့် သူဟာ ဟောကောင်း ပြောကောင်း ပုဂ္ဂိုလ်တယောက် ဆိုပြီး အသိအမှတ်ပြုကြတယ်။”

ဆရာအောင်သင်းဟာ လူငယ်တွေအတွက် ရည်ရွယ်ပြီး မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဈေးကွက်ဂျာနယ်မှာ အပတ်စဉ်ရေးသားခဲ့တာလည်း အောင်မြင်ခဲ့တာပါပဲ။

ဆရာ့ကို ၁၉၂၇ ခုနှစ်က တောင်တွင်းကြီးမြို့မှာ အဘ သခင်ညီမောင်နဲ့ အမိ ဒေါ်ရွှေကြင်တို့က မွေးဖွားခဲ့ပြီး သားသမီး ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်ပါတယ်။

ဆရာကွယ်လွန်ချိန်ထိ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဓမ္မိက၀တီလမ်း၊ အိမ်အမှတ် ၄၆ မှာ နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၂ ယောက်နဲ့ မြေး ၄ယောက်၊မြစ် ၂ယောက် ကျန်ရစ်ပါတယ်။

ဆရာအောင်သင်းရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်က ရေဝေးသုသာန်မှာ လာမယ့်တနင်္လာနေ့ ဂူသွင်းသင်္ဂြိုဟ်ဖို့ရှိတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013