Home
သုံးသပျခကျြ
ဒီဗွီဘီရေဒီယိုရပ်နားသည့်အပေါ် အမြင်အမျိုးမျိုး စုစည်းမှု
ရွှေအောင်
·
October 25, 2014
ဒီဗွီဘီ ရေဒီယိုရပ်နားလိုက်တာနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က စုစည်းတင်ဆက်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီဗွီဘီ ရေဒီယိုကို အလာမယ့် အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်း အသံလွှင့်အစီအစဉ်အပြီး ရပ်နားတော့မှာ ဖြစ်ပါတယ်။ Radio logo sidebarဒီဗွီဘီ မာတီမီဒီယာအုပ်စုရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “လှိုင်းတိုကို ခဏရပ်မယ်။ ပြီးတော့ အားပါတဲ့ တီဗွီမှာ ခွန်အားစိုက်မယ်။ နောက်တခုက လှိုင်းတိုကိုသာ ရပ်လိုက်တယ်ဆိုပေမယ့် ရေဒီယိုကို တခြား ပုံစံနဲ့ ပြန်ပြောင်းလွှင့်ဖို့ရှိပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းတို့ အင်တာနက်တို့ ဒါတွေရှိလာတယ်။ အဲဒီဘက်ကို ပြောင်းဖို့ စဉ်းစားတဲ့အတွက် ရေဒီယိုကို ရပ်တာမဟုတ်ပါဘူး။ လှိုင်းတိုကိုသာ ရပ်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။ နည်းပညာနဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေအရ လိုက်လံပြောင်းလဲရတာဖြစ်သလို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အားပေးနားထောင်ခဲ့တဲ့ ပရိသတ်အတွက် စိတ်မကောင်းသလို တောင်းပန်တဲ့အကြောင်းလည်း သူက ပြောပါတယ်။ ဒီဗွီဘီ ရေဒီယို စတင်ထုတ်လွှင့်တုန်းက ပါခဲ့တဲ့ မသီတာက သူတို့ နော်ဝေနိုင်ငံမှာ စတင်ထုတ်လွှင့်ခဲ့ချိန် လုပ်ဆောင်ခဲ့ပုံကို အခုလို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ “၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့တဲ့အချိန်က နော်ဝေးအစိုးရနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရနဲ့ ဆွေးနွေးကြတယ်ပေါ့။ မြန်မာပြည် ဒီမိုကရေစီရဖို့အတွက် နော်ဝေးအစိုးရအနေနဲ့ ဘယ်လိုမျိုး ကူညီနိုင်မလဲပေါ့။ အဲဒီလိုမျိုး ဆွေးနွေးရင်းကနေ ၁၉၉၂ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံကို လွှင့်ဖို့အတွက်ဆိုပြီး ရေဒီယိုလွှင့်ခွင့် လိုင်စင်ချပေးခဲ့တယ်လေ။ အဲဒီအချိန်မှာ သီတာက ဆွီဒင်နိုင်ငံမှာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥရောပကိုယ်စားလှယ်တယောက်အနေနဲ့ ဆွီဒင်နိုင်ငံမှာ တာဝန်ကျနေတာပေါ့။ အဲဒီအချိန်မှာ ဆွီဒင်မှာဆိုတော့ လုပ်ရမှာ ရေဒီယိုအသံလွှင့်ဌာန လိုင်စင်ကျတာက နော်ဝေးမှာလေ။ ဆွီဒင်ကနေ နော်ဝေးကို သွားရတာပေါ့ အဲဒီလိုမျိုး အခြေအနေပါ။ သွားတဲ့ အချိန်မှာကျတော့ ဧပြီလကတည်းက စပြီး လေ့ကျင့်မှုတွေ လုပ်ခဲ့တာပေါ့။ ဆွီဒင်ကနေ နော်ဝေးကို ရောက်တဲ့အခါကျတော့လည်း နော်ဝေးနိုင်ငံက ကျောင်းသား သမဂ္ဂ နဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူတို့မှာ ရေဒီယိုအသံလွှင့်ခန်းရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ စတူဒီယိုမှာ သွားပြီးတော့ အသံကို လေ့ကျင့်ခဲ့ကြရပါတယ်။ ဒါက ၁၉၉၂ ဇူလိုင် ၁၉ မတိုင်ခင် မတိုင်ခင်ပြင်ဆင်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေပေါ့။ လွှင့်တာက ၁၉၉၂ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စပြီး လွှင့်ပါတယ်။ လွှင့်တဲ့အချိန်မှာ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ လူငယ် ၄ ယောက်ရှိတယ်။ အော်စလိုကို အဲဒီအချိန်ကတည်းက ရောက်နေတဲ့ ဒေါက်တာ မောင်မောင်မြင့်ရယ် ကိုအေးချမ်းနိုင်ရယ် ကိုခင်မောင်ဝင်းရယ် သီတာရယ် ၄ ယောက်ပါ့။ လွှင့်တဲ့အချိန်မှာ ပြည်တွင်းမှာ လွှင့်တာတွေနဲ့ မတူပဲနဲ့ အခက်အခဲက ဘာလဲဆိုတော့ ကြိုပြီးတော့ အသံကို သွင်းထားကြရတာပါ။ အဲဒီမှာ ၂၅ မိနစ်စာကို ကြိုအသံသွင်း ပြီးလို့ရှိရင် အသံလွှင့်တဲ့ Transmitter ရှိတဲ့ နေရာကို စာတိုက်ကနေ ပို့ခဲ့ရပါတယ်။ အဲဒီတော့ ဇူလိုင် ၁၉ ရက်နေ့မှာ လွှင့်ဖို့အတွက်ကို တပတ်လောက်ကြိုပြီး station ပို့ပေးခဲ့ရပါတယ်။ အဲဒီအထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းရဲ့ အမှာစကားပါတယ်။ နောက် တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ အမှာစကားတွေပါတယ်။ နောက်ပြီးတော့ ဒီဗွီဘီ စပြီးလွှင့်ပါပြီဆိုတဲ့ အဲဒီအကြောင်းအရာတွေနဲ့ပဲ စခဲ့ကြတယ်ပေါ့လေ။ အဲဒီအချိန်တုန်းက သတင်းရော အသံလွှင့်တာကလည်း live မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အကုန်လုံးက ကြိုအသံသွင်း လုပ်ပြီးတော့ လွှင့်ခဲ့ကြပါတယ်။” ဒီဗွီဘီ ရေဒီယို စကတည်းက ပါဝင်ပြီး အခုချိန်အထိလည်း ဒီဗွီဘီမှာလုပ်နေတဲ့ ကျနော်မောင်တူးပါခင်ဗျာ ဆိုတဲ့ ကိုမောင်တူးကလည်း ထိုင်းမြန်မာနယ်စပ်ကနေ ဒီဗွီဘီ ရေဒီယို အတွက် လုပ်ပေးခဲ့ပုံတွေကို အခုလို ပြန်ပြောင်းပြောပြပါတယ်။ “နယ်စပ်ကနေပြီး လုပ်ပေးခဲ့ရတာတော့ နယ်စပ်မှာ ကျနော်တို့က ဒေါင်းဂွင် စတူဒီယိုကနေပြီး ပို့ရတာ ဖြစ်တယ်။ အဲဒီမှာ သတင်းတွေဆိုလည်း တနေရာကနေ တနေရာသွားပြီး ယူရတဲ့အတွက် ကွင်းဆင်းသတင်းထောက်တွေအနေနဲ့က တရက်လောက် အချိန်ကုန်တာလည်း ရှိတယ်။ အခက်အခဲတွေအများကြီးနဲ့ပေါ့နော်။ ပရိုဂရမ်ဆိုတာလည်း အသံသွင်းရမှာ အခက်အခဲတွေ တော်တော်များများ ရှိတယ်။ သတင်းပေးပို့ရတာလည်း အတော်ခက်ခက်ခဲခဲရှိပါတယ်။ နယ်စပ်ဆိုတာလည်း ထိုင်းနယ်စပ် မြန်မာနယ်စပ် ခွပြီးတော့ အလုပ်လုပ်ခဲ့ကြတာပေါ့ဗျာ။ စတူဒီယိုဆိုတာလည်း အခုကျနော်တို့ တွေ့နေရတဲ့ စတူဒီယိုလိုမျိုးကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒေါင်းဂွင်ဌာနချုပ်မှာ စတူဒီယိုကို သစ်နဲ့ ဘိလပ်မြေနဲ့ ဆောက်နိုင်ပေမယ့်။ တခြားတိုက်ပွဲတွေ ဖြစ်၊ နေရာတွေ ပြောင်းရွှေ့ အဲဒီလို အခါမျိုးကျရင် စတူဒီယိုကို ၀ါးနဲ့ ဆောက်ရတာလည်းရှိတယ်။ ဂုန်နီအိတ်နဲ့ ကာပြီး စတူဒီယို လုပ်ရတာလည်း ရှိတယ်။ အဲဒီလိုမျိုး လက်ဖြစ်လုပ်ကြတာတွေလည်း များတယ်။ ဒေါင်းဂွင်စတူဒီယို ပထမပိုင်းလောက်မှာပဲ အဆောက်အအုံလေး ကောင်းကောင်းဆောက်နိုင်ပေမယ့် နောက်ပိုင်း မှာ လက်ဖြစ်ဆောက်ပြီးတော့ အသံသွင်းနေတုန်းမှာ ၀က်တွေလာလို့ မောင်းထုတ်ရတာ၊ ကြက်တွေ ဘေးကလာတွံလို့ မောင်းထုတ်ရတာ အဲဒီလိုမျိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်မှာ လက်ဖြစ် စတူဒီယိုတွေက များတယ်ပေါ့ဗျာ။ ၁၉၉၂ ခုနှစ်မှာ တပ်ပေါင်းစုအသံတခုဆိုပြီး စပြီးစဉ်းစား ခဲ့ကြတဲ့အခါမှာ အဲဒီအချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲအမတ်တွေက ပြည်တွင်းမှာ အစိုးရဖွဲ့လို့မရတဲ့ ဒေါ်အောင်ဆန်းစုကြည်အကို ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ အဝေးရောက် အစိုးရဆိုပြီးတော့ ဖွဲ့ထားတာရှိတယ်။ ဒီအစိုးရ ဦးဆောင်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေ တပ်ပေါင်းစုကြီးကနေပြီး တာဝန်ခံတယ်။ စလွှင့်ခါစက တီးလုံးလေးထွက်ပြီးတာနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ အသံလွှင့်ဌာန ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီကနေပြီးတော့ အော်စလိုမြို့ကနေပြီး စတင်အသံလွှင့်ပါသည်ဆိုပြီး စခဲ့တာပေါ့ဗျာ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကတော့ ဒီဗွီဘီဟာ အန်အယ်ဒီရဲ့ သတင်းမိတ်ဆွေကြီးလို့ ဆိုပါတယ်။ “ကျနော်တို့ အန်အယ်ဒီဟာ ဖိနှိပ်ခံဘ၀မှာ နေခဲ့ရတဲ့အချိန်မှာ ကျနော်တို့ဟာ သတင်းဌာနပဲ အားကိုးတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဒီဗွီဘီ သတင်းကို နားမထောင်ခဲ့ရတဲ့နေ့ တရက်မှ မရှိဘူး။ အမြဲနားထောင်တယ်။ ကျနော်တင်မကပါဘူး၊ ကျနော်တို့အဖွဲ့ချုပ်က လူကြီးတွေရော လူငယ်တွေရော အားလုံးက ဒီဗွီဘီ သတင်းကိုပဲ အားကိုးကြရတာ ဒီကျေးဇူးတွေက အများကြီး ရှိပါတယ်။ ကျနော်တို့ အကြောင်းအရာတွေအပေါ်မှာ ရုတ်တရက် မပြောနိုင် ပေမယ်လို့ ဒီဗွီဘီဟာ အန်အယ်ဒီရဲ့ သတင်းမိတ်ဆွေကြီး၊ ရင်းနှီးတဲ့ မိတ်ဆွေကြီးလို့ ပြောရင် ရပါတယ်။” ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ ဒီဗွီဘီ ရေဒီယိုဟာ သူတို့နိုင်ငံရေး အင်အားစုတွေရဲ့ ရဲဘော်ရဲဘက်တဦးပါလို့ ပြောပါတယ်။ “ကျနော် အမှတ်ရစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ ဒီဗွီဘီဟာ ကျနော်တို့ ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့ နေရာမှာ ဒီဗွီဘီ ရေဒီယိုရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ ကြီးမားပါတယ်။ အထူးသဖြင့် ကျနော်ပထမဦးဆုံး မှတ်မိနေတာ ဒီလိုဗျ၊ ကျနော် အကျဉ်းထောင်ထဲမှာ ရှိစဉ်ကာလက ကျနော်တို့ ရေဒီယိုတလုံးရအောင် သွင်းခဲ့တယ်ဗျ။ သွင်းတဲ့အချိန်မှာ ဒီဗွီဘီလိုင်းက ဖမ်းရခက်တယ်။ နော်ဝေကနေ စလွှင့်တယ်ဆိုတော့ ကျနော်တို့ ဘာလုပ်ရလဲဆိုတော့ ဒီဗွီဘီလိုင်းကို ရအောင်ဖမ်းမယ်ဆိုပြီး ရေဒီယိုက ဧရိယာ ရအောင် ဖြုတ်ပြီးတော့မှ သွပ်နန်းကြိုးအရှည်ကို ဧရိယာတိုင် အမြင့်လုပ်ပြီးတော့ ဖမ်းတာ၊ ပထမဆုံးအကြိမ် ဖမ်းလို့ ရမိတဲ့အချိန်မှာ ကျနော်တအားကို ပျော်တယ်ခင်ဗျ။ ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲ ဒီဗွီဘီ ရေဒီယိုရဲ့ အခန်းကဏ္ဍဟာ ကျနော်တို့နဲ့ အတူရှိခဲ့တယ်။ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အရင်းအခြာဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်တဲ့ ရဲဘော်ရဲဘက် အရင်းဟာ ဒီဗွီဘီရေဒီယိုလို့ ပြောလို့ရတယ်။ ဒီဗွီဘီရေဒီယိုကြီး ရပ်တော့မယ်ဆိုတဲ့အချိန်မှာ ကျနော့်စိတ်ထဲ ဘယ်လိုခံစားရလဲဆိုတော့ အော် ငါတို့နဲ့အတူ ဒီမိုကရေစီတိုက်ပွဲမှာ လည်ပင်းဖက်ပြီး ဆောင်ရွက်ခဲ့တဲ့ လူတယောက်တော့ ဒါမဟုတ်ရင် ရဲဘော်ရဲဘက်တယောက်တော့ အနားယူတော့မှာပါလား ဆိုတဲ့ အဲဒီခံစားချက်လေးတော့ ကျနော့်မှာ ရှိပါတယ်။” သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား ဦးသိန်းညွှန့်ကတော့ ဒီဗွီဘီ ရေဒီယိုဟာ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မှတ်ချက်ပေးပါတယ်။ “ဒီဗွီဘီ ရေဒီယို အသံလွှင့်ဌာနက ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် မီဒီယာလောက မှာ အထောက်အကူ ပြုခဲ့တာပဲ။ ဒါကြောင့်လဲ ဘာပဲ ပြောပြော သြဇာကြီးတဲ့ အသံလွှင့်ဌာနတခု ဖြစ်ခဲ့တာပဲ။ ဒီနေ့ မြန်မာပြည်က နော်ဝေအသံလွှင့်ဌာန ဒီဗွီဘီလို့ဆိုရင် တော်တော်များများ တောသူတောင်သားတွေကအစ သိတာပဲ။ ဒါက ဒီအသံလွှင့်ဌာနရဲ့ မှတ်တမ်းပေါ့။ နောက်တခါ ဒီအသံလွှင့်ဌာနပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ စတည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်လည်း ကျောင်းသားလူငယ်က လာခဲ့တဲ့အတွက် ကျနော်တို့ ကိုယ်တိုင်က မှတ်မှတ်ထင်ထင် ရှိပြီးတော့ အားပေးခဲ့ရတဲ့ လူတွေပါ။ ချုပ်ပြောရရင်တော့ သူတည်ထောင်ခဲ့တဲ့ သူဖြတ်သန်းခဲ့တဲ့ ကာလမှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တစုံတရာ အထောက်အကူပြုခဲ့တယ်လို့ ကျနော်ပြောချင်ပါတယ်။” မန္တလေးမြို့က စာရေးဆရာ သတင်းစာဆရာကျော်ရင်မြင့်က လည်း ပြည်သူတွေအတွက် အသိအမြင်တံခါးတခု ပိတ်သွားလို့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။ “ပြည်ပမှာ အခြေစိုက်တဲ့ ဒီဗွီဘီလို အာအက်ဖ်အေလို စတဲ့ ရေဒီယိုတွေက မြန်မာပြည်သူလူထုကို အသိအမြင်တွေ အများကြီး ဖွင့်ပေးခဲ့တာဗျ။ အဲဒီတော့ ဒီဗွီဘီ ရေဒီယို ရပ်နားသွားတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေရဲ့ အသိအမြင်တံခါးတခု ပိတ်သွားတယ်လို့ ကျနော်က အဲဒီလို မြင်ပါတယ်။” ပဲခူးတိုင်း တောင်ငူမြို့က ဒီဗွီဘီ ရေဒီယို ပရိသတ် တယောက်ဖြစ်တဲ့ ဦးတင်စိန်က ဒီဗွီဘီ ရေဒီယို မရပ်စေချင်တဲ့အကြောင်း အခုလို ပြောပါတယ်။ “စလွှင့်ကတည်းက ကျနော်က နားထောင်တာဗျာ။ နားထောင်တော့ မျက်မှောက်အနေအထားကို အကုန်လုံးသိရတာပေါ့ဗျာ။ မြန်မာနိုင်ငံထဲကဟာကို ကြားရတာပေါ့ဗျာ။ ကမ္ဘာ့သတင်းတွေ ကတော့ ဗွီအိုအေတို့ ဘီဘီစီ တို့က ကြားရတာပေါ့။ ဒီဗွီဘီကို နားထောင်တာ ပြည်တွင်းသတင်းစုံလို့ပါ။ ပြည်တွင်းမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို မြန်မြန်သိရတာပေါ့ဗျာ။ ချက်ချင်း သိရတာပေါ့။ ဒီဘက်ပိုင်းမှာတော့ ပြည်တွင်းကို ဒီဗွီဘီ ရုပ်သံကရောက်လာတော့ ကျနော်က အဲဒါကို အချိန်ပြည့် တခါနာရီတခါ သတင်းဆိုတော့ အဲဒီဘက်ကို ပိုအားသန်သွားတယ်။ ကျနော်က မနက်စောစော ဘယ်ကနေစနားထောင်လဲဆိုတော့ သြစတေးလျအသံကနေ စနားထောင်တာဗျ။ ပြီးရင် ဒီဗွီဘီပေါ့ဗျာ။ ဒီဗွီဘီပြီးရင် ဘီဘီစီ နားထောင်တယ်။ ၈ နာရီခွဲမှာ ဗွီအိုအေ နားထောင်တယ်။ အဲဒီလို လုပ်တယ်။ မရပ်စေချင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တီဗွီ အစီအစဉ်ကျတော့ မီးလာတာတို့ ဘာတို့ စောင့်ရတယ်ဗျ။ ရေဒီယိုကတော့ ကျနော်က မီဒီယာလောကထဲမှာ ရေဒီယိုကို အကြိုက်ဆုံးပေါ့ဗျာ။ အင်တာနက်တို့ ဘာတို့ကျတော့ ကျန်တဲ့ ကရိကထလေးတွေ များတယ်။ အဲဒီအနေအထားတွေကြောင့် ရေဒီယို ဖြုတ်ပစ်တာတော့ မကြိုက်ဘူးဗျ။ ရေဒီယိုက အသံတော့ မကြည်ဘူးဗျ။ အသံအားနည်းတယ်။ ဒီဗွီဘီ ပေါ်စကတည်းက နားထောင်တာ။ အစီအစဉ်ရပ်မယ်ဆိုတော့ ကျနော်က ၀မ်းနည်းတယ်၊ မရပ်စေချင်ဘူးဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024