DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံ ဈေးကွက်မရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှုများ ဆက်ရှိ
DVB
·
October 25, 2014
မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံ ဈေးကွက်မရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှုများ ဆက်ရှိ
Donate to DVB

ဘိန်းအစားထိုးသီးနှံ ဈေးကွက်မရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ရှိ နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(ပီဝိုင်အို)နဲ့ တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့ (AHLSD) မနေ့က အစီရင်ခံစာထုတ်ပြီး ပြောကြားလိုက်ပါတယ်။

ဘိန်းနွံတွင်းက ငိုရှိုက်သံလို့ အမည်ရတဲ့ အစီရင်ခံစာကို အောက်တိုဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာပါ။

poppeyအဲဒီ အစီရင်ခံစာမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပေါ်ဒေသ တွေမှာ မူးယစ်ဆေးဝါးဈေးကွက် တွင်ကျယ်နေပြီး စိုက်ပျိုးမြေတွေ သိမ်းဆည်းခံရတာနဲ့ လယ်ယာထွက် ရာသီသီးနှံတွေကို စီးပွားဖြစ်တင်ပို့နိုင်တဲ့ ဈေးကွက် မရှိတာကြောင့် ဘိန်းပပျောက်ရေးစီမံကိန်း မအောင်မြင်သေးတာလို့ ဖော်ပြထားပါတယ်။

တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့ဝင် ခွန်ချန်ကီကလည်း ဘိန်းအစားထိုး သီးနှံ ဈေးကွက်မရှိတဲ့အပေါ် အခုလိုပြောပါတယ်။
“မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စီမံကိန်းချပေးပေမယ့်လည်း သူတို့က ဘိန်းအစားထိုး သီးနှံပဲ ပေးနိုင်တာပေါ့နော်။ သို့ပေမယ့်လည်း အဲဒီထွက်လာတဲ့ သီးနှံကို သူတို့က ဈေးကွက် မဖန်တီးပေးနိုင်ဘူး။ ဈေးကွက်မဖန်တီးပေးနိုင်တဲ့အတွက်ကြောင့် အဲဒီဘိန်းအစားထိုးသီးနှံကို လုပ်ရင်လည်း သူတို့ရဲ့ စားဝတ်နေရေးမဖူလုံတဲ့အတွက် နောက်ဆုံးတော့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ဆက်လက်တည်ရှိနေတာပေါ့နော်။ ဒါကြောင့် ကျနော်တို့ မြန်မာပြည်က ကမ္ဘာပေါ်မှာ ပြန်ကြည့်ရင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဘိန်းအစားထိုးသီးနှံကို ဈေးကွက်မဖော်ဆောင်နိုင်ပေးနိုင်လို့ ပေါ့နော်။”

ရှမ်းပြည်တောင်ပိုင်းမှာ မြေယာသိမ်းဆည်းမှုတွေကြောင့် လယ်ယာမဲ့ပြဿနာနဲ့ ရင်ဆိုင်ရသူတချို့က ဘိန်းခြံတွေမှာ နေ့စားလုပ်သမားအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေကြပြီး အချို့ကလည်း နယ်စပ် ဖြတ်ကျော်ပြီး ရရာအလုပ်လုပ်ရာကနေ လူကုန်ကူးမှုပါ ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာ မှာ ပါဝင်ပါတယ်။

UNODC ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံမှာဘိန်းတန်ချိန် ၈၇၀ တန် ထွက်ရှိခဲ့ပြီး ရှမ်းပြည်နယ်ကနေ ၉၂ ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်ကနေ ၈ ရာခိုင်နှုန်း ထွက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

UNODC အဆိုအရ မြန်မာနိုင်ငံအနှံ့မှာ ဘိန်းစိုက်ဧရိယာ ၅၇၈၀၀ ဟက်တာရှိပြီး အိမ်ထောင်စု ၁၉၀၀၀၀ ခန့်က လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကလည်း သူတို့ နယ်မြေထဲမှာ ဘိန်းစိုက်ပျိုးမှု ကင်းစင်ပပျောက်ဖို့ ဆောင်ရွက်သွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းမြင့်က ပြောပါတယ်။

“မူးယစ်ဆေးတိုက်ဖျက် နှိမ်နှင်းရေးဆိုတာထက် ကင်းစင်ပပျောက်ရေးကို ဦးတည်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးဆိုတာကတော့ ၁ နှစ်ထဲနဲ့ ၂ နှစ်ထဲနဲ့ လုပ်လို့ မရဘူး။ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးကို အားလုံး စနစ်တကျ စီမံကိန်းတွေ ချမှတ်ရမယ်။”

မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် ကြားကာလအထိ အစိုးရအဆက်ဆက်ကနေ ဘိန်းပပျောက်ရေးစီမံကိန်းတွေကို ၃၄ နှစ်ကြာ ဆောင်ရွက်နေပေမယ့် အမြစ်မပြတ်နိုင်သေးပဲ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်သွားမယ်လို့လည်း မူးယစ်တိုက်ဖျက်ရေး ဗဟိုဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013