၂၀၂၂ ကမ္ဘာ့ဖလားကို မေလတွင် ပြုလုပ်ဖို့ ဥရောပ ကလပ်အသင်းကြီးများ တောင်းဆို

1.3K
၂၀၂၂ ခုနှစ်ကာတာမှာ ကျင်းပမယ့် ကမ္ဘာဖလားကို မေမှာ ပြုလုပ်ဖို့ ဥရောပက ကလပ် အသင်းကြီးတွေက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကို တောင်းဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူလ်း၊ ဘာစီလိုလာ၊ ဘေယန်မြူးနစ်တို့ ပါဝင်တဲ့ ဥရောပကလပ်အသင်းများအဖွဲ့က ၂၀၂၂ ခုနှစ်မေလဟာ အလားလာအရှိဆုံးလအဖြစ် ဆွေးနွေးခဲ့ကြပါတယ်။
မေလမှာ ကာတာရဲ့ အပူချိန်က ၃၅ ဒီဂရီ ဆဲလ်ဆီးယပ်ရှိနေမှာ ဖြစ်ပါတယ်။ ဒီအပူချိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့အတွက် လက်ခံနိုင်တဲ့ အပူချိန်ဖြစ်တယ်လိုလည်း ဆိုပါတယ်။ နွေဦးမှာ ကျင်းပရင်တော့ ပြဿ နာရှိနိုင်တယ်လို့လည်း ဒီအဖွဲ့ကယုံကြည်နေပါတယ်။
ကမ္ဘာ့ဖလားကို ကျင်းပလေ့ရှိတဲ့ ဇွန်နဲ့ ဇူလိုင်လတွေမှာ ကာတာမှာ အပူပြင်းဆုံးလတွေလည်း ဖြစ်နေပါတယ်။ ကာတာကတော့ လေအေးပေး နည်းပညာတွေနဲ့ နွေမှာ ကစားနိုင်တယ်လို့ ကြေညာထားပါတယ်။
အပူပြင်းဆုံးလ နွေရာသီ ကစားမယ့်ပွဲစဉ်တွေကို ရွေ့ဆိုင်းဖို့ ဆွေးနွေးနေတာ နှစ်နဲ့ချီကြာမြင့်လာပြီဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က ကမ္ဘာဖလားကျင်းပခွင့် ရရှိရေး အတွက် ဆုံးဖြတ်ရာမှာ ကာတာက ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘတ္တလာ ကတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ပြောင်းလဲကျင်းပသင့်တယ်လို့ အခုလ အစောပိုင်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဇွန်၊ ဇူလိုင်၊ နိုဝင်ဘာ ဒီဇင်ဘာလနဲ့ ဇန်န၀ါရီ ဖေဖော်ဝါရီလတွေမှာ ကျင်းပနိုင်ဖို့ အတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
