DVB Logo
Home
မြန်မာသတင်း
ကျေးသီးမြို့နယ် ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ
DVB
·
October 23, 2014
ကျေးသီးမြို့နယ် ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ
Donate to DVB

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်ဖွဲ့ဝင်တွေက  ဒေသခံ ရွာသားတွေအပေါ် ဖမ်းဆီးရိုက်နှက်မှုတွေ ရှိနေတယ်လို့   ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်အဖွဲ့က  ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_68725" align="aligncenter" width="435"]ဖမ်းဆီးရိုက်နှက်ခံရတဲ့ ရွာသား ၂ ဦး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ရွာသား ၂ ဦး[/caption]

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို ထိုးစစ်ဆင်ဖို့ ၀င်ရောက်လာတဲ့ ခမရ ၃၂၆၊ ခမရ ၅၂၃ နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေဟာ ရွာသားတွေကို ရှမ်းစစ်သားလို့ စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီး ရိုက်နှက်ခံရသူတွေကတော့   ငူးလိုမ်ရွာက ရွာသား  ၃ ဦး၊ ပန်စေးရွာက ၂ ဦး စုစုပေါင်း အမျိုးသား ၅ ဦးတို့ဖြစ်ပြီး ဖာဆောင်ရွာက အမျိုးသမီး ၇ ဦးကတော့ အရိုက်မခံရပေမယ့်လည်း အိမ်တအိမ်မှာ ၆ ရက်ကြာ ချုပ်နှောင်ခံခဲ့ရတာလို့ ဆိုပါတယ်။

ရွာသားတွေဟာ အောက်တိုဘာလ ၁၂ ရက်နဲ့ ၁၈ ရက်နေ့တွေအတွင်း အခုလို ခံခဲ့ရတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ရွာသားတွေဟာ ယာခင်းကိုအသွား လမ်းမှာ အဖမ်းခံရတာဖြစ်ပြီး ရှမ်းစစ်သားတွေလို့ပြောပြီး ထုနှက်ရိုက်တာ ခံရတယ်၊ အမျိုးသမီး ၇ ဦးကိုလည်း အိမ်တအိမ်မှာ တပတ်လောက်ချုပ်ထားတယ်၊ ဘယ်မှပေးမသွားဘူး။ အဲဒီထဲမှာ ကိုယ်ဝန်အရင့်အမာနဲ့ တယောက်လည်းပါတယ်။ ၁၄ ရက်နေ့မှာ အဖမ်းခံရတဲ့ ရွာသားဆို တညလုံးကြိုးတုတ်ခံရတယ်။  ခေါင်းနဲ့ မျက်နှာကို သေနတ်ဒင်နဲ့ထုတာတွေ လုပ်ခဲ့ပါတယ်ရှင့်။”

လတ်တလော ရွာသားတွေအားလုံး ပြန်လွတ်လာခဲ့ပြီ ဆိုပေမယ့်လည်း ရွာသားတွေမှာ အထိတ်တလန့်ရှိနေကြပြီး ရွာသားတချို့ကတော့ ရွာကို ပြန်မလာရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိနေပါတယ်။

အစိုးရတပ်တွေဟာ အဲဒီရွာအနီးတ၀ိုက်ကို လွန်ခဲ့တဲ့ ဧပြီလလောက်က စတင်ဝင်ရောက်လာပြီးတဲ့နောက် လူနေအိမ်ခြေနဲ့ စိုက်ခင်းတွေထဲမှာ ထင်ရာယူငင် သုံးစွဲစားသောက်နေကြောင်း၊ ဒီအတောအတွင်း ရှမ်းပြည်တပ်မတော်ကို ခြိမ်းခြောက်ပစ်ခတ်တာတွေလည်း ရှိတဲ့အတွက် တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ရွာသား ၁၀၀ ကျော် ၀မ့်ဝပ်ဘုန်းကြီးကျောင်းမှာ ခိုလှုနေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။

အစိုးရတပ်တွေ ဆုတ်ခွာသွားရင် ပြဿ   နာတွေ ပြေလည်သွားမယ်လို့ နန်းခွမ်လိတ်က ပြောပါတယ်။

“အဓိကကတော့ နယ်မြေထဲရောက်နေတဲ့  မြန်မာစစ်တပ်ကို ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုချင်ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အတောအတွင်း အခုလို စစ်ဆင်တိုက်ခိုက်နေတာတွေ မလုပ်ဖို့ ကျမတို့တောင်းဆိုတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ထပ်တိကျတဲ့ အချက်အလက်တွေကောက်ယူပြီး နေပြည်တော်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ သွားရောက်တင်ပြဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က စီစဉ်နေပါတယ်။

ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ထူထောင်ခဲ့ပြီး ရှမ်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကောက်ယူမှတ်တမ်းတင်ကာ နိုင်ငံတကာသိရှိရေး ဆက်လက်ဖြန့်ဝေပြီး သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေဆီ တောင်းဆိုပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013