DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ရေး ကြန့်ကြာနေဟု နိုင်ငံရေးပါတီအချို့ ဝေဖန်
DVB
·
October 23, 2014
အပစ်ရပ်ရေး ကြန့်ကြာနေဟု နိုင်ငံရေးပါတီအချို့ ဝေဖန်
Donate to DVB

ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင်တွေ စက်တင်ဘာလထဲ ရန်ကုန်မြို့မှာ ၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် အပြင်းအထန်ဆွေးနွေးခဲ့ပေမယ့် ခိုင်မာတဲ့ သဘောတူညီမှု မရခဲ့ပဲ အဆုံးသတ်ခဲ့တဲ့အပေါ် ကြန့်ကြာနေတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ကြပါတယ်။

[caption id="attachment_68722" align="aligncenter" width="494"]ပြီးခဲ့တဲ့ စက်တင်ဘာက အပစ်ရပ်ဆွေးနွေးစဉ် ပြီးခဲ့တဲ့ စက်တင်ဘာက အပစ်ရပ်ဆွေးနွေးစဉ်[/caption]

အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဒီလထဲမှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ထပ်မံတွေ့ကြဖို့ ကတိပြုခဲ့ကြပေမယ့် ရှမ်းပြည်တပ်မတော် အပါအ၀င် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တဲ့ အတွက် တွေ့ဆုံနိုင်ခြင်းမရှိသေးပါဘူး။

တိုင်းရင်းသားလူမျိုးများမဟာမိတ် (ယူအန်အေ) ပြောခွင့်ရ ဦးစိုင်းညွန့်လွင်က “အပစ်ရပ်စဲရေးကိစ္စက တိုးတက်မူမရှိဘဲနဲ့ ရပ်တန့်သလို ဖြစ်နေတယ်၊ ဒါကမကောင်းပါဘူး။ သဘောတူပြီးသား ကိစ္စတွေကို ပြန်ဆွေးနွေးနေတော့ နောက်ကို ပြန်ဆုတ်သွားတဲ့ သဘောရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

တတိုင်းပြည်လုံးအပစ်ရပ်စဲရေးကို ၂၀၁၃ ဒီဇင်ဘာလထဲ ဘားအံမြို့မှာ ပြုလုပ်မယ်လို့ အစိုးရက ကြေညာခဲ့ပေမယ့်လည်း ၂၀၁၄ နှစ်ကုန်တဲ့အထိ ပြုလုပ်နိုင်းခြင်းမရှိသေးတဲ့အပေါ် ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဝေဖန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက “တတိုင်းပြည်လုံး အပစ်ရပ်စဲရေးကို လုပ်မယ်လို့ အများသိကြေညာပြီးပါပြီ။ အခု ၂၀၁၄ နှစ်ကုန်တော့မှာ။ အဲဒါကြောင့် အပစ်ရပ်စဲရေး  မရသေးဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ဝေးနေပါသေးတယ်” လို့ ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ လာမယ့်နိုဝင်ဘာလထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင်တွေ ပြန်လည်တွေ့နိုင်ဖို့ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အလုပ်အဖွဲ့ဝင်တယောက်အနေနဲ့ဆိုရင်တော့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလလောက်ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နိုင်မယ်ဆိုရင်တော့ တနိုင်ငံလုံးအတွက်၊ အဓိကသက်ဆိုင်သူ အားလုံးအတွက် ကောင်းမယ်လို့ ကျနော်တို့ဘက်က တင်ပြတာပါ။”

အစိုးရဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၀၁၄ ခုနှစ် မကုန်ခင် တတိုင်းပြည်လုံး အပစ်ရပ်လက်မှတ်ရေးထိုးလိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ဆန္ဒရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013