DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ် ၂ ဦး စစ်ဆေးရေးကာလ လူ့အခွင့်အရေး ချိုးဖောက်ခံရ
DVB
·
October 23, 2014
မြန်မာလူငယ် ၂ ဦး စစ်ဆေးရေးကာလ လူ့အခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမေးမြန်းခံရတဲ့ မြန်မာလူငယ် ၂ ယောက်ဟာ စစ်ဆေးရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထိုင်း အမျိုးသား လူ့အခွင့်အရေးကောင်မရှင်အဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

610x343xKoh-Tao.jpg.pagespeed.ic_.E8vRFpeWEs-300x168ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိသျှတိုးရစ် ၂ ယောက် သေဆုံးမှုနဲ့ ပက်သက်လို့ ဖမ်းဆီး ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ ဥပဒေ အထောက်အကူပြုအဖွဲ့တို့နဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တွေ့ဆုံပြီးနောက် ကော်မရှင်အဖွဲ့ဝင်က မီဒီယာတွေကို အခုလို ပြောလိုက်တာပါ။

သက်သေတွေနဲ့ မျက်မြင်တွေရဲ့ ပြောပြချက်ကို သုံးသပ်ပြီး ဒီလို ကောက်ချက်ဆွဲ နိုင်တာလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင် နီရန် ပီတက်ဝပ်ချာရာက ကနဦး စုံစမ်းမှုတွေအရ  မြန်မာလူငယ် ၂ ယောက်ရဲ့ ပြောပြချက်အတိုင်းပဲ စစ်ဆေးရေးကာလအတွင်း ညှဉ်ပန်းနှိပ်စက်ခံရ၊ ခြိမ်းခြောက်ခံရတယ်ဆိုတာ မှန်ကန်တယ်လို့ ပြောပါတယ်။

ဒီအချက်တွေကို အမျိုးသားရဲတပ်ဖွဲ့ရုံးကို အစီရင်ခံစာပို့တဲ့အခါ ထည့်သွင်းမယ်လို့ ပြောပါတယ်။

ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကို ပင်မမီဒီယာတွေနဲ့ လူမှုမီဒီယာတွေက ဝေဖန်နေကြပြီး မြန်မာအလုပ်သမား ၂ ယောက်ဟာ မဆီမဆိုင် ဓားစားခံဘ၀ ရောက်ရတယ်လို့ ယုံကြည်နေကြပါတယ်။

စွပ်စွဲခံထားရတဲ့  မြန်မာလူငယ် ၂ ယောက်ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၂ ရက် နေ့မှာ ဘန်ကောက်ကို ရောက်ပြီး ဒီနေ့မှာတော့ သူတို့သားတွေ အဖမ်းခံထားရတဲ့ ကော့စမွီ တရားရုံး အချုပ်ခန်းဆီကို သွားဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ ဟန်နာ ၀စ်သရိုက် ၂၃ နှစ်နဲ့ ဒေးဗစ်မေလာတို့ရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင် ကမ်းခြေမှာ တွေ့ခဲ့ရတာပါ၊

သေမှုသေခင်း စစ်ဆေးချက်တွေအရ သေဆုံးသူ ၂ ယောက်ဟာ ခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး ဟန်နာဟာ ဗလက္ကာယ ပြုခံထားရတယ်လို့ ဆိုပါတယ်။

ဟန်နာဆီမှာ တွေ့ရတဲ့ ဒီအန်အေနဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့ ဒီအန်အေဟာ တူညီတယ်လို့ ရဲအဖွဲ့က ဒီလထဲမှာ ပြောထားပါတယ်။ အခုအထိတော့ စွပ်စွဲခံရတဲ့ လူငယ် ၂ ယောက်စလုံးကို ရုံးတင်အမှုစွဲတဲ့ အဆင့်မရောက်သေးပါဘူး။

လူငယ်နှစ်ယောက်ကလည်း အမှုကို သူတို့ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ထိုင်းရှေ့နေများ ကောင်စီကို ပြောထားပါတယ်။

အစောပိုင်းက ၀န်ခံခဲ့တာဟာလည်း အကျပ်ကိုင်ခံရတာကြောင့်လို့  ပြောပြီး တရားမျှတမှု ရဖို့ တောင်းဆိုထားပါတယ်။

ဘန်ကောက်မှာရောက်နေတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013