DVB Logo
Home
မြန်မာသတင်း
စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦးကို သံခြေချင်းဖြုတ်ပေးရန် တောင်းဆို
DVB
·
October 22, 2014
စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦးကို သံခြေချင်းဖြုတ်ပေးရန် တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ တရားခံ မမြောက်သေးတဲ့အတွက် သူတို့ခြေထောက်မှာ ချည်နှောင်ထားတဲ့ သံခြေချင်းကို ဖြုတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_68624" align="aligncenter" width="426"]ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်နှစ်ဦး (ဓာတ်ပုံ - မင်းဦး) ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်နှစ်ဦး (ဓာတ်ပုံ - မင်းဦး)[/caption]

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လူသတ်မှု ကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက် မထွက်မချင်း သူတို့ ၂ ဦးဟာ အပြစ်ကင်းစင်နေတဲ့အတွက် တရားခံလို သံခြေချင်း မခတ်သင့်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီဝင် ခွန်ရတ်ဆဒါး မနုရဒ်ဆဒါးက ဒီဗွီဘီကို ပြောပါတယ်။

“သံခြေချင်းခတ်တာဟာ ဖမ်းထားတဲ့သူတွေ ထွက်ပြေးမှာကို ကာကွယ်တာ ဆိုပေမယ့်လည်း အပြင်ထွက်တဲ့အခါပဲ ခတ်သင့်ပါတယ်။ အချုပ်ထဲမှာ ရှိနေတဲ့ အချိန်တော့ ဖြုတ်ထားပေးရမှာပါ။ ဥပဒေအရဆိုရင် သူတို့ဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း သံသယဖြစ်ခံရသူ အဆင့်မှာပဲရှိပြီး တရားခံမဟုတ်သေးတဲ့အတွက် အပြစ်မရှိတဲ့ လူလိုပဲ ထားရှိရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းကို ပြောတာဖြစ်ပါတယ်။”

လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီက ဖမ်းဆီးခံမြန်မာလူငယ် ၂ ဦးကို အောက်တိုဘာ ၂၁ ရက်နေ့က ကော့စမွီ တရားရုံး အချုပ်ခန်းမှာ သွားရောက်တွေ့ဆုံအပြီး အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူငယ် ၂ ဦး တရားမျှတမှု ရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းက နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ မစ္စတာ အန်တီဟောလ်ကလည်း သူတို့ကို သံခြေချင်းမခတ်ဖို့ ဒီကနေ့ ညနေပိုင်းက ကော့စမွီခရိုင်တရားရုံး အကျဉ်းစခန်း ညွှန်ကြားရေးမှူးဆီ တောင်းဆိုခဲ့တယ်လို့  ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့  ကော့စမွီကိုသွားပြီး လူငယ် ၂ ဦးနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ၂၄ နာရီ ပတ်လုံး သံခြေချင်းခတ် ခံထားရလို့ သွားလာတဲ့အခါ၊  ရေချိုးတဲ့အခါ၊ အလေးအပေါ့ သွားတာ အဆင်မပြေဘူးလို့ပြောတယ်။ ခြေတောက်လည်း နာနေလို့ ခြေအိတ် ၂ စုံစီရော အခြားလိုအပ်တဲ့ ပစ္စည်းတွေပါ ပေးပို့ခဲ့တယ်။ သံခြေချင်းခတ်တာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့လည်းမညီလို့ အမြဲမခတ်ထားဖို့ ညွှန်မှူးဆီ တောင်းဆိုခဲ့တယ်။ ညွှန်မှူးကလည်း ပြန်စဉ်းစားပေးမယ်လို့ ပြောပါတယ်။”

အန်ဒီဟောလ်က လူငယ် ၂ ဦးရဲ့ မိဘတွေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိကြောင်း ဓာတ်ပုံတွေနဲ့ ပြောပြခဲ့လို့ သူတို့ ၀မ်းသာနေကြပြီး မိဘတွေနဲ့ တွေ့လိုကြောင်း၊ လူသတ်မှုမကျူးလွန်ကြောင်းနဲ့ သူတို့အတွက် စိတ်မပူဖို့ မိဘတွေကို မှာလိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ လူငယ် ၂ ဦးဟာ ဗြိတိန်နိုင်ငံသား အသတ်ခံရတဲ့အမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ထိုင်းရဲတွေက ရိုက်နှက် စစ်ဆေးပြီး ၀န်ခံခိုင်းတဲ့အတွက် ၀န်ခံရကြောင်း ထိုင်းရှေ့နေကောင်စီအဖွဲ့ကို မနေ့က ပြောဆိုခဲ့ပြီး အမှုတွဲကို ပြန်သုံးသပ်ပေးဖို့ အစိုးရရှေ့နေများကောင်စီကို  တောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ပရ၀ုတ် ထာဝွန်းဆီရီကို သတင်းထောက်တွေက မေးမြန်းရာမှာ တရားခံ ၂ ဦးကို  နိုင်ငံတကာစံနှုန်းနဲ့အညီ စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး ရိုက်နှက်စစ်ဆေးခြင်း မပြုရကြောင်း၊ တရားခံကို ပြီးတဲ့နောက် သူတို့ကျန်းမာရေးကို ကော့တောဝ်ဆရာဝန်၊ အကျဉ်းထောင်ဆရာဝန် နဲ့ လူ့အခွင့်အရေးကော်မရှင်ဘက်က ဆရာဝန်တွေပါ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာဒဏ်ချက်များ မတွေ့ရကြောင်း ပြောပါတယ်။

ရင်ဘတ်အောင့်တယ်လို့ ဆိုရာမှာလည်း စစ်ဆေးမှုက ရတဲ့ဒဏ်ရာမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံချက်ကို ပြန်လည်ပြင်ဆင်ပြောဆိုတာဟာ သူတို့အခွင့် အရေးပါပဲလို့ ဖြေဆိုခဲ့ကြောင်း ဒီနေ့မနက် ထိုင်းပီဘီအက်စ် ရုပ်သံသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013