DVB Logo
Home
မြန်မာသတင်း
တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ကတိပေး
DVB
·
October 21, 2014
တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ကတိပေး
1 / 2
Donate to DVB

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျရင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒိုင်အဖြစ်ရပ်တည်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ပေးသွားမယ်လို့ ကော်ရှင်ဥက္ကဋ္ဌက ကတိပြုပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၆၀ ကျော်က ခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်မြို့က ပန်ဒါဟိုတယ်မှာ  တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_68541" align="alignleft" width="300"]ဦးတင်အေး ဦးတင်အေး[/caption]

ဒီတွေ့ဆုံပွဲ မှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက် ပွဲဖြစ်အောင် ဒိုင်အဖြစ် ရပ်တည်သွားမယ် လို့ ပြောပါတယ်။

“ကျနော့်ဘက်ကတော့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ် မယ်၊ ကျနော် ဒိုင်အနေနဲ့ နေမယ်၊ ခင်ဗျားတို့ အချင်းချင်း check and balence လုပ်မယ်၊ တိုင်လာရင် ဥပဒေနဲ့အညီဆုံးဖြတ်မယ်၊ open court လုပ်မယ်၊ ခင်ဗျားတို့ တက်နားထောင်လို့ရမယ်၊ ခင်ဗျားတို့လျှောက်လဲလို့ရမယ်၊ ခင်ဗျားတို့ ရှေ့နေခေါ်လို့ရမယ်၊ ဒီအတိုင်း ကျနော်ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။”

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမပတ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ မနေ့ကတည်းက ပြောကြားထားတာဖြစ်ပြီး ဒီကနေ့လည်း  ရွေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကို    ၂၀၁၅ သြဂုတ်လမှာ ထုတ်ပြန်နိုင်အောင် လုပ်ဆောင်သွား မယ်လို့  သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မဲဆွယ်စည်းရုံးရေး ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။  ရွေးကောက်ပွဲကာလအတွင်း လူမျိုးရေး ဘာသာရေး အကြောင်းပြမဲဆွယ်မှုတွေကိုတော့ တားဆီးသွားမှာမဟုတ်ဘူးလို့  ဦးတင်အေးက ပြောပါတယ်။

“လူမျိုးရေးနဲ့သော်လည်းကောင်း၊ ဘာသာရေးနဲ့သော်လည်းကောင်း အကြောင်းပြု၍ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ပြောထားတယ်။ ဘာသာရေးလည်း လုပ်ချင်လုပ်၊ လူမျိုးရေးလည်း လုပ်ချင်လုပ် ကော်မရှင်အနေနဲ့ ဘာမှမပြောဘူး။ လွန်လွန်ကဲကဲတွေ သိပ်ပြီးပေါ်တင်ကြီးဖြစ်လာရင် ဝင်ပြောမယ်။ သို့သော်လည်းပဲ ရွေးကောက်ပွဲပြီးလို့ ကန့်ကွတ်လွှာတင်လာလို့ ဘာသာရေးကို အကြောင်းပြပြီး နိုင်တာတို့၊ လူမျိုးရေးကို အကြောင်းပြုပြီး နိုင်သွားတာဆို အရှုံးပေးမယ်၊ ဥပဒေအရအရှုံးပေးပါမယ်။ ဒီလိုတွေကျ ကျနော့် လက်ထဲ ရောက်လာပါမယ်။ ဒါလည်း ကျနော် ဥပဒေအရလုပ်တာပါ။”

နိုင်ငံရေးပါတီတွေဘက်ကတော့ ရွေးကောက်ပွဲ ကာလအတွင်း မဲရုံတွေမှာ အစိုးရ၀န်ထန်းတွေကို မထားဘဲ သာမန်ပြည်သူတွေကိုပဲထားဖို့ ဆွေးနွေးရာမှာ ဥပဒေအရ ပြောင်းဖို့ မလွယ်ကူတဲ့အကြောင်း ကော်မရှင်က အကြောင်းပြန်ထားတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

“မဲရုံမှူးတို့၊ ရွေးကောက်ပွဲမှာ တာဝန်ပေးတဲ့သူတွေအကုန်လုံးအပါအ၀င် ဖြစ်နိုင်ရင် အစိုးရ၀န်ထမ်းတွေကို မထားဘဲနဲ့ လူလွတ်တွေပဲ ထားဖို့။ ကျောင်းဆရာ ဆရာမတွေ၊ မြို့နယ်ကော်မရှင်တိုဘာတို့၊ ခရိုင်ကော်မရှင်တို့မှာ ဌာနဆိုင်ရာ အကြီးအကဲတွေ ထားတယ်မဟုတ်လား။ အဲဒါတွေကို မထားဖို့ ပါတီတွေဘက်က တောင်းဆိုထားတာ ရှိတယ်။ ဦးတင်အေးက ဘာပြန်ဖြေလဲဆိုရင် ဒါက ဥပဒေထဲမှာ ပါထားတယ်တဲ့။ ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဝန်ထမ်းနဲ့ ထားရမယ်ဆိုတာ ဥပဒေထဲ ပါပြီးသားဖြစ်တဲ့အတွက် ပြင်ရခက်တယ်ပေါ့။ အဲလိုပြန်ဖြေတယ်။”

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုံခြုံရေးအရ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာတွေ အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့နဲ့ ပြည်သူအားလုံး မဲထည့်ခွင့်ရဖို့လည်း ပါတီတွေဘက်က တင်ပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

မဲဆွယ်စည်းရုံးတဲ့ကာလကို  ရက် ၃၀ ကနေ ၆၀ ပြင်ပေးဖို့ ပါတီတွေ တောင်းဆိုရာမှာတော့  ပြင်ပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲက ဖြေကြားသွားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်တော့ ဥပဒေအတည်ပြုပြီးသား အချက်တွေကို ပြင်ဆင်ဖို့ ခက်ခဲကြောင်းနဲ့ ကျန်အချက်အလက်တွေကို လိုက်လျောနိုင်သလောက် လိုက်လျောမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း မန်းအောင်ပြည်စိုးက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ မနေ့ကတော့ ရန်ကုန်မှာ လူထုအခြေအပြု အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီကနေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စ ရှင်းလင်းပြောကြားခဲ့တာပါ။

လာမယ့် ဒီဇင်ဘာလလောက်မှာ နိုင်ငံရေးပါတီတွေနဲ့ ထပ်မံ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတယ်လို့  ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013