DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြို့ နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် မြန်မာ့ရုပ်သေး ကပြမည်
DVB
·
October 20, 2014
ဘန်ကောက်မြို့ နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် မြန်မာ့ရုပ်သေး ကပြမည်
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာလဆန်းပိုင်း ခမ်းခမ်းနားနားကျင်းပမယ့် နိုင်ငံတကာ ရုပ်သေးပွဲတော်မှာ မြန်မာ့ရုပ်သေးကို ထိုင်းတော်ဝင်ဇာတ်ရုံမှာ ထည့်သွင်းကပြမှာဖြစ်ပါတယ်။

Untitled-6လာမယ် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ဒီပွဲတော်ကို ကမ္ဘာ့တိုက်ကြီး ၄ ခု၊ နိုင်ငံပေါင်း ၆၆ နိုင်ငံမှာ ရုပ်သေးအဖွဲ့ ၁၁၄ ဖွဲ့ လာရောက် ဆင်နွှဲ ပြိုင်ပွဲဝင်မှာ ဖြစ်ပါတယ်။

ဒီရုပ်သေးပွဲတော်မှာ မြန်မာနိုင်ငံက ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှု ရုပ်သေးအဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့ည ၈ နာရီကနေ ၉ နာရီထိ ၁ နာရီကြာ တင်ဆက်ကပြမယ်လို့ ထွေးဦးမြန်မာအဖွဲ့ တာဝန်ရှိသူ ဦးခင်မောင်ထွေးက ပြောပါတယ်။

ဒီနိုင်ငံတကာ ရုပ်သေးပွဲတော်ကို ချက်သမ္မတနိုင်ငံမှာ ဖျော်ဖြေကျင်းပလေ့ရှိရာက မနှစ်က အာရှတိုက် အင်ဒိုနီးရှားမှာ ပြောင်းလဲကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ထိုင်းနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။ ယှဉ်ပြိုင်ပွဲမှာ ပမာဏအားဖြင့် မများလှပေမယ့် ဆုကြေးပေးတဲ့အစီအစဉ်ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

များသောအားဖြင့် ရုပ်သေးပွဲစီစဉ်သူတွေက မြဘုရားဘေးနားက ဆနမ်းလွမ်ရင်ပြင် လေဟာပြင်ဇာတ်စင်နဲ့ တခြားဇာတ်ရုံတွေမှာ ပြသဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ ရုပ်သေးစုံမှာ လက်ထိုး ရုပ်သေး၊ တုတ်ထိုးရုပ်သေးရှိသလို အဲဒီကြားမှာ မြန်မာကြိုးဆွဲ ရုပ်သေးနဲ့ ဗီယက်နမ်က ရေပေါ်ရုပ်သေးတို့ဟာ နာမည်ကြီးပါပါတယ်။  မြန်မာ့ကြိုးဆွဲ ရုပ်သေးမှာ  မြင်းအက၊ ဂဠန် နဂါး အက၊ ငှက်ကြီးဝန်ပိုနဲ့ ငါး အက၊ ဘီလူးအက၊ မျောက်အက၊ ဇော်ဂျီအက၊ ဦးရွှေရိုး-ဒေါ်မိုးနဲ့ အိုးစည်ဒိုးပတ်ဝိုင်းလေး၊ နတ်ကတော် အကနဲ့ အပျိုတော်ယိမ်း၊ စသည်တို့ ပါဝင်ပါတယ်။

ညလုံးပေါက်ကပြရတဲ့အစီအစဉ်ကို နိုင်ငံတကာပွဲတော်မှာ တစ်နာရီတွင်းဝင်အောင်ကပြဖို့ ပြင်ဆင်ထားပြီး ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်သုံးဘာသာနဲ့ ကပြနိုင်အောင် ကြိုးပမ်းနေတယ်လို့  ဦးခင်မောင်ထွေးက ပြောပါတယ်။

“သမ္ဗူလဇာတ်တော်လေးပေါ့။ တော်ဝင်အမျိုးသမီး လေးယောက်ထဲက သမ္ဗူလရဲ့အကြောင်း၊ သူ့ရဲ့သစ္စာတရားကို ဖွဲ့ထားတဲ့ ဇာတ်တော်လေးပေါ့။ စကားပြောမဟုတ်ဘဲ သီချင်းလေးတွေနဲ့ ၂၅ မိနစ်နဲ့ ချုံ့ထားတယ်။ အဲဒါကို ဇာတ်တော်ကြီးကိုယ်စားပြု နောက်ပိုင်းမှ စပြမယ်။ ရှေ့ပိုင်းမှာ နတ်ကတော့ခန်း အပျိုတော်ယိမ်းနဲ့ ဖွင့်မယ်။ စသဖြင့်ပေါ့။ နောက်ဆုံးမှာတော့ ဦးရွှေရိုး-ဒေါ်မိုး အကနဲ့ ဇာတ်သိမ်းမယ်။”

ဖျော်ဖြေမယ့်အဖွဲ့ထဲမှာ ရုပ်သေးပညာရှင် ဦးစိန်ထွန်းကြည်၊  မချိုချိုစန်း၊ ဦးကြင်လှ၊ စိန်နန်းတင်၊ အုပ်ချုပ်သူ ဦးခင်မောင်ထွေးနဲ့ ဇနီးနဲ့ သမီးတို့ ပါဝင်မှာဖြစ်ပါတယ်။

ကပြကြမယ့်ရုပ်သေးအဖွဲ့တွေကို သွားလာတည်းခိုစရိတ်တွေပါ ဖိတ်ကြားသူတွေက ကျခံကြမှာဖြစ်ပါတယ်။

ထွေးဦးမြန်မာအဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကိုလည်း မဟာချိုင်မှာ ကပြဖို့ စီစဉ်ထားတယ်လို့လည်း ဦးခင်မောင်ထွေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013