DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲရပ်တန့်ရေး အစိုးရနှင့်ရှမ်းတပ် ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန် အဆိုပြု
DVB
·
October 20, 2014
တိုက်ပွဲရပ်တန့်ရေး အစိုးရနှင့်ရှမ်းတပ် ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန် အဆိုပြု
Donate to DVB

ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေမြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့  နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းဖြေရှင်းဖို့  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဆိုပြုလိုက်ပါတယ်။

[caption id="attachment_67471" align="aligncenter" width="414"]အစိုးရတပ်ဖွဲ့ဝင်အချို့ အစိုးရတပ်ဖွဲ့ဝင်အချို့[/caption]

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်ထောင်စု  ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်ဦးဆောင်တဲ့ အဖွဲ့နဲ့ သွားရောက်တွေ့ဆုံစဉ် ၀န်ကြီးတို့ဘက်က အဆိုပြုခဲ့တာပါ။

နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့မှာ အစိုးရတပ်ဘက်က ရဲမှူးး၊ တိုင်းမှူး၊ နယ်စပ်လုံခြုံရေးဝန်ကြီး စတဲ့ ပုဂ္ဂိုလ်တွေ၊ အက်စ်အက်စ်အေမြောက်ပိုင်း ဘက်က တပ်အရာရှိတွေ ပါဝင်ဖို့ အဆိုပြုလာပြီး အက်စ်အက်စ်အေအဖွဲ့က အထက်ကို တင်ပြဦးမယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဗိုလ်မှူးစ၀်နော်လိတ်က ဒီဗွီဘီကို ပြောပါတယ်။

"ဦးသိန်းဇော်တို့ဘက်က တောင်းဆိုတင်ပြတဲ့အချက်ပါ။ အစိုးရတပ်ရယ်၊ ကျနော်တို့တပ်ရယ် ပူးပေါင်းပြီးတော့မှ နယ်မြေလုံခြုံရေး ကြီးကြပ်ညှိနှိုင်းရေးပေါ့။ မြို့တမြို့မှာ ထားပြီးတော့ အဲဒီပြဿ    နာတွေ မဖြစ်ပွားအောင် ဒီအဖွဲ့ကနေပြီးတော့မှ စောင့်ကြပ်ပေးရမှာပေါ့။ ဦးသိန်းဇော်က မြန်မြန် ပြန်တွေ့ဆုံဖို့ အဖြေသိချင်တယ်လို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့က အချိန်တပတ်အတွင်း အကြောင်းပြန်မယ်လို့ တောင်းဆိုထားပါတယ်။”

ဒါ့အပြင် ဆက်ဆံရေးရုံးတွေ တိုးမြှင့်ဖွင့်လှစ်ရေး၊ နှစ်ဖက်တပ်ကိစ္စ ညှိနှိုင်းဆောင်ရွက်ရေး နဲ့ နယ်မြေဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်ဖို့ ကိစ္စတွေပါ အစိုးရဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်ကလည်း ထိတွေ့ပစ်ခတ်မှုတွေ မဖြစ်လိုတဲ့အတွက် ကျေးသီးမြို့နယ် တာဖာဆောင်တံတားနားက သူတို့စခန်းကို ဒီလဆန်းပိုင်းက ဆုတ်ခွာပေးလိုက်ပြီဖြစ်ကြောင်း၊ အစိုးရတပ်အနေနဲ့လည်း ဆုတ်ခွာပေးဖို့၊ နောက်နောင် ရှမ်းတပ်စခန်းတွေလည်း ထပ်ပြီးမဆုတ်ခိုင်းဖို့  တောင်းဆိုခဲ့တယ်လို့  ဗိုလ်မှူးစ၀်နော်လိတ်က ပြောပါတယ်။

ဝန်ကြီးတို့ အဖွဲ့ကလည်း အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့သာ ပြောဆိုခဲ့ပြီး လက်ရှိ နယ်မြေထဲမှာတော့ အစိုးရတပ်က ဆုတ်ခွာသွားတာမရှိတဲ့အပြင် တန့်ယန်းဘက်မှာ စစ်ယာဉ်တန်းတွေ ထပ်တက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြား တပြည်လုံး အပစ်အခတ်ရပ်ရေး ဖော်ဆောင်မှုကို စဉ်ဆက်မပြတ်လေ့လာစောင့် ကြည့်နေတဲ့ ပြည်ထောင်စုအင်စတီကျု့က စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး  ဦးခွန်စိုင်းကတော့ ခုလိုသုံးသပ်ပြောဆိုပါတယ်။

“တပ်မတော်ကနေပြီးတော့ အက်စ်အက်စ်အေကို နေရာ ၄ နေရာကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်။ ကော်မတီ ဖွဲ့လိုက်ခြင်းအားဖြင့် အဲဒီတောင်းဆိုချက်ဟာ ရုတ်သိမ်းလိုက်ပြီလား၊ အဲဒီပေါ်မှာ တည်တယ်။ ပူးပေါင်းအဖွဲ့ဖွဲ့ပြီး တပ်မတော်ဘက်က အဲဒီတောင်းဆိုချက်တွေ မရှိတော့ဘူးဆိုရင် ဒါဟာ ကောင်းတဲ့အလားအလာပဲလို့ ကျနော်တို့ ပြောလို့ရတာပေါ့။”

ဒါ့အပြင် တိုက်ပွဲတွေနည်းအောင် အစိုးရတပ်ကက နှစ်ဖက်ရထားပြီးဖြစ်တဲ့ သဘောတူညီချက်တွေ လေ့လာဖို့လိုကြောင်း၊  သဘောတူချက်ထဲမှာ ရှမ်းတပ်တွေဟာ မိမိနေရာမှာ ဆက်လက်တည်ရှိဖို့ ပါရှိပေမယ့် အစိုးရတပ်က ရှမ်းတပ်ကို နယ်မြေကျော်လွန်တယ်လို့ စွပ်စွဲပြီး ထိုးစစ်ဆင်နေတာလို့ ဦးခွန်စိုင်းက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ တွေ့ဆုံပွဲမှာ အစိုးရဘက်က ၀န်ကြီး ဦးသိန်းဇော်အပြင် ပြည်ထောင်စုဝန်ကြီး ၃ ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နဲ့ ရမခ တိုင်းမှူး၊ ရလခ တိုင်းမှူးတွေပါ ပါဝင်ပြီး အက်စ်အက်စ်အေမြောက်ပိုင်းဘက်ကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင် နဲ့  အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ်က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာပါ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲပေါင်း ၂၀၀ နီးပါး ဖြစ်ပွါးခဲ့ပြီး ခုလပိုင်းအတွင်းမှာလည်း ရှမ်းပြည်တပ်မတော် အခြေစိုက် စခန်း ၄ ခုကို စစ်တပ်က ဆုတ်ခွာခိုင်းတဲ့အတွက် ထိတွေ့ပစ်ခတ်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013