Homeမေးမြန်းခန်း
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အမျိုးသားစီမံချက်ဖြင့် လုပ်ဆောင်ပါ- ဦးအောင်မျိုးမင်း
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အမျိုးသားစီမံချက်ဖြင့် လုပ်ဆောင်ပါ- ဦးအောင်မျိုးမင်း
DVB
·
October 18, 2014

မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ နှစ်စဉ်အဆိုတင်သွင်းနေမှုကို ရပ်ဆိုင်းပေးဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
အီတလီနိုင်ငံ မီလန်မြို့မှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးရဲ့သီးသန့်အစည်းအဝေးမှာ သမ္မတက တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာအစိုးရဘက်က မလိုလားဘူးဆိုတဲ့ ဒီအဆိုကို အီးယူက နှစ်စဉ်နှစ်တိုင်း ဘာကြောင့်တင်နေတာလဲဆိုတာ ရှင်းပြပါ။
[caption id="attachment_68241" align="alignleft" width="300"]
ဦးအောင်မျိုးမင်း[/caption]
“မြန်မာနိုင်ငံက ဒီလိုမျိုးလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေ တယ်ဆိုတဲ့ သတ်မှတ်ချက်အရ ၁၉၉၂ ခုနှစ်ကတည်းက အခုလိုမျိုး ကျနော်တို့ မြန်မာနိုင်ငံ အပေါ် သုံးသပ်မှုတွေ၊ နောက် တခု မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်ထဲမှာ ထည့်သွင်းပြီးလုပ်ဆောင်ပါတယ်။ အဲလိုလုပ်ရတဲ့အကြောင်းရင်းကို ကြည့်မယ်ဆိုရင်တော့ သာမန်အကြောင်းအရာကြောင့်မဟုတ်ဘူးဗျ။ မြန်မာပြည်မှာ ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုတွေရှိတယ်ဆိုတာ ကမ္ဘာကလက်ခံထားလို့ပါ။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးနဲ့ ကလေးတွေပေါ်မှာ အကြမ်းဖက်မှုတွေရှိသလို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ်မှာ စနစ်တကျအပြစ်ပေး အရေးယူမှုတွေရှိခဲ့တယ်။ ဒါကို ကာကွယ်နိုင်တဲ့ ယန္တရားတွေ မရှိသလို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းတွေ အားနည်းနေတယ်ဆိုတဲ့အချက်တွေကြောင့် အဲလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“အဲဒီတော့ စစချင်းမှာ အဲဒီလိုမျိုးလုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာလည်း အဓ္မမစေခိုင်းမှုတွေ၊ မြေယာသိမ်းဆည်းမှုတွေ၊ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ ထောက်ပြချက်တွေကြောင့်မို့လို့ အခုလို ဆက်လက်ပြီးတော့ နှစ်စဉ်နှစ်တိုင်း တင်ပြအစီရင်ခံတဲ့ လုပ်ငန်းစဉ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။”
အီးယူက နှစ်စဉ် အစီရင်ခံစာတင်ပြနေတော့ အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိသလဲ။
“ပထမဦးဆုံး မြန်မာနိုင်ငံက နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ကင်းကွာလို့မရတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီလိုမျိုး တင်ပြမှုတွေအပေါ်မှာ လုပ်ဆောင်ရမယ့်အနေအထားမျိုးတွေ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာ ဒီလိုမျိုး နိုင်ငံတကာ ဖိအားပေးမှုကြောင့် ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာရှိပေမယ့် ဒီဟာကြီးတခုလုံးကို ပြန်ပြီးတော့ ဖယ်ရှားဖို့အတွက် အဆင့်မရောက်တာမျိုး ရှိနေတယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးတွေ ဒီထက်ပိုမို အားကောင်းအောင်လုပ်ဆောင်ပါလို့ တိုက်တွန်းစရာဖြစ်လာတယ်။ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်တိုင်းပြည်ကို တံခါးတွေအလုံပိတ်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို ဖိနှိပ်အရေးယူတဲ့ ပုံစံမဟုတ်ဘဲနဲ့ နိုင်ငံတကာကလည်း ငါတို့ကို စောင့်ကြည့်နေပါလားဆိုတဲ့ အားမျိုးတွေ ရရှိလာတဲ့သဘောမျိုးတော့ သက်ရောက်မှုတွေရှိပါတယ်။”
အဲဒီအဆိုကနေ ရင်းနှီးမြှုပ်နှံမှု၊ မြန်မာပြည်နဲ့ မဆက်စပ်တာမျိုး၊ ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံရေး အဲလိုမျိုးတွေပေါ်မှာရော သက်ရောက်မှုတွေ ရှိလား။
“လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ခံရတဲ့ အခြေအနေဖြစ်တဲ့အတွက် ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာရဲ့ဆွေးနွေးမှုအပိုင်းမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးကိစ္စက မပါမဖြစ် ပါလာတာဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာ ဆွေးနွေးရုံတင်မကတော့ပဲနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုအပိုင်းမှာ ရှိလာတယ်။ ရလဒ်ကြောင့်မို့လို့ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေ ရှိလာတယ်။ အဲဒီရှိလာတဲ့အပေါ်မှာမူတည်ပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေက ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်စရာဖြစ်လာတယ်။ အာရုံစိုက်စရာတင်မကဘဲနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့အတွက် နိုင်ငံအလိုက် အရေးယူမှုကိစ္စတွေ ဖြစ်လာပါတယ်။ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ၊ သံတမန်နည်းအရ ဖိအားပေးမှုတွေ ဒါတွေဖြစ်လာခြင်းဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် အီးယူရော၊ အမေရိကန်ရော မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ဆွေးနွေးတဲ့အချိန်မှာ နိုင်ငံတကာ လူ့အခွင့်အရေးအရ ပြောဆိုထားတဲ့အချက်တွေ ကိုးကားပြီးလုပ်ရတဲ့ ဟာမျိုးဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ စီးပွားရေးက အဓိကမဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ လူ့အခွင့်အရေးကိစ္စတွေ လေးစားသော အစိုးရဖြစ်မှ ကုန်သွယ်မှု၊ စီးပွားဖြစ်မှု၊ ချေးငွေတွေ နိုင်ငံတကာအကူအညီရရှိဖို့အတွက် ဒါတွေ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကူညီလုပ်ဆောင်မယ်ဆိုရင် ဒီအချက်တွေက အများကြီး အထောက်အကူဖြစ်တာတွေ ရှိပါတယ်။”
သမ္မတပြောတာက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေကို မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီဖြစ်တယ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်ပြင်ဖွဲ့ပြီးပြီလို့ ပြောပါတယ်။ ဒီဟာက တကယ်ပဲ သက်ရောက်မှုရှိပါသလား။
“သမ္မတကြီးပြောတဲ့အတိုင်း ကျနော်တို့တိုင်းပြည်မှာ လူ့အခွင့်အရေးကော်မရှင်ရှိတာ ဟုတ်ပါပြီ။ ဒါပေမယ့် ထိရောက်မှုအပိုင်းမှာ အများကြီးဆွေးနွေးစရာရှိပါတယ်။ ပြီးခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ တိုင်ကြားစာပေါင်း ၇ ထောင်ကျော် ရရှိပေမယ့် အဲဒါနဲ့ပတ်သက်ပြီးတော့ ထိရောက်စွာအရေးယူမှု မရှိခြင်းက ဖွဲ့စည်းခြင်းက တခု၊ ထိရောက်မှုက တခု ဆိုတဲ့အချက်ကို ဖော်ပြနေပါတယ်။ တကယ်လို့သာ ထိရောက်တဲ့ ကော်မရှင်သာဖြစ်မယ်ဆိုရင် တိုင်ကြားလာတဲ့ အမှုတော်တော်များများက ထိရောက်စွာ အရေးယူပြီးတော့ ခံစားရတဲ့သူတွေကို ထိုက်သင့်သောကူ့ညီမှုတွေ၊ ကျူးလွန်တဲ့သူကို ထိရောက်သော အရေးယူမှုတွေရှိလာမှာပါ။ ဒီအပိုင်းမှာ အားနည်းနေတုန်းပါပဲ။
“နောက်တခုက လူ့အခွင့်အရေးကော်မရှင်ကို မကြာသေးခင်က သူတို့ အသစ် ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။ ဖွဲ့စည်းလိုက်တဲ့အချိန်မှာ ရွေးချယ်ရေးကော်မတီက တဆင့် သမတရဲ့ခွင့်ပြုချက်ယူပြီးတော့ ခန့်အပ်မယ်ဆိုတဲ့ ဥပဒေထဲမှာ ပါထားတဲ့အချက်ရှိပါတယ်။ ဒါပေမယ့် ရွေးချယ်ရေးအဖွဲ့ထဲမှာ ဘယ်သူတွေပါသလဲဆိုတာ မသိ၊ ဘယ်လိုနည်းနဲ့ ဘယ်လိုရွေးချယ်လိုက်တယ်ဆိုတာ မသိဆိုတော့ လူ့အခွင့်အရေးကော်မရှင်က သူလုပ်ချင်တာ လုပ်ပြီးတော့ ပြည်သူလူထုကို အသိပေးတဲ့သဘောမျိုးပဲဖြစ်နေတဲ့အရာမျိုးကလည်း ဒီလူ့အခွင့်အရေးကော်မရှင်ရဲ့ လွတ်လပ်မှုရယ်။ ထိရောက်မှုရယ်ကို ထပ်မံထောက်ပြစရာအချက်တွေ ဖြစ်နေဦးမှာပါပဲ။
မြန်မာက လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် ရည်မှန်းထားတာတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေ၊ အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ သဘောတူညီချက်တွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ သဘောတူညီချက်တွေမှာလည်း လက်မှတ်ထိုးဖို့ လုပ်နေပါတယ်လို့ သမ္မတက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြစရာ ရှိမလား။
“ကျနော်တို့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ပပျောက်ရေး သဘောတူ စာချုပ် (CEDAW)၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် CRC (Child Rights Convention)၊ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (UN CRPD) စာချုပ်သုံးခုကို လက်မှတ်ထိုးထားပါတယ်။ အဲဒါကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးတယ်ဆိုတာ နယူးယော့ခ်နဲ့ ဂျနီဗာမှာ လက်မှတ်ထိုးရုံတင်မကဘဲနဲ့ အဲဒီစာချုပ်တွေမှာ ပါဝင်နေတဲ့အခွင့်အရေးတွေကို သက်ဆိုင်ရာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအားလုံးသိအောင် ကြေညာပေးဖို့လည်း လိုအပ်တယ်။ အဲဒီအခွင့်အရေးတွေ ချိုးဖောက်ခံရမှုကို ထိထိရောက်ရောက် ကာကွယ်ဖို့လည်း လိုအပ်တယ်။ တိုင်ကြားမှုတွေ လက်ခံဖို့လည်း လိုအပ်တယ်။ ပြီးလို့ရှိရင် လိုအပ်ချက်တွေကို အကောင်အထည်ဖော်ဖို့လည်း လိုအပ်ပါတယ်။ အခုကျနော်တို့ မြင်နေရတဲ့အချက်က ဒိလိုမျိုး ပုံမှန်အစီရင်ခံဖို့အတွက် လုပ်ဆောင်ရမယ့်အချက်ကိုတောင်မှ ပုံမှန်အစီရင်ခံမှု မရှိသေးပါဘူး။ နောက်တခါ ကလေးအခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေရှိနေပေမယ့် အခုအချိန်အထိ ကလေးအလုပ်သမားတွေ၊ ကလေးစစ်သားအသုံးပြုမှုတွေရှိနေသလို အမျိုးသမီးအပေါ် အကြမ်းဖက်မှုကလည်း နေရာတိုင်းရှိပါတယ်။ အဲဒီတော့ စာချုပ်တခုကို လက်မှတ်ရေးထိုးထားရုံနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်တယ်လို့ ပြောလို့မရပါဘူး။ ဒီစာချုပ်တွေကိုသိအောင်၊ ဒီစာချုပ်တွေကို အသက်ဝင်အောင်၊ ဒီစာချုပ်တွေကို အကောင်အထည်ဖော်နိုင်အောင် ပြည်တွင်းမှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နေရာတိုင်းမှာ ဒီစာချုပ်ရဲ့အချက်တွေ သက်ရောက်အောင်လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒီတော့ လက်မှတ်ထိုးရုံးသက်သက်နဲ့ နိုင်ငံတကာ လက်ခံအောင်မလုပ်ပါနဲ့။ လက်မှတ်ထိုးပြီးတဲ့အချက်တွေကို အမှန်တကယ်လေးစားဖို့အတွက် ပြည်သူတရပ်လုံးက ယုံကြည်သော၊ လေးစားသော၊ လက်ခံသော လုပ်ဆောင်မှုတွေ လုပ်ပြပါ။ ဒီနှစ်ခုက အရမ်းအရေးကြီးပါတယ်။"
လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခု သမ္မတ ဦးသိန်းစိန်တောင်းဆိုသလိုပဲ ကုလသမဂအထွေထွေညီလာခံမှာ တောင်းဆိုတယ်။ အီးယူက မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာမတင်ဖို့။ ဒီတောင်းဆိုမှုအတိုင်း အီးယူက ဆောင်ရွက်လာအောင် မြန်မာဘက်က ဘာဆောင်ရွက်ဖို့လိုလဲ။
“ပထမဦးဆုံး ပြည်တွင်းမှာ လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ဖို့လိုအပ်ပါတယ်။ လူ့အခွင့်အရေးယဉ်ကျေးမှု ဆိုတာကတော့ အခုဆိုရင် မြေယာသိမ်းဆည်းမှုတွေ အများကြီးရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြန်လည်ပြီးတော့ မြေယာတွေကို ပိုင်ရှင်လက်ထဲ ပြန်ရအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပေမယ့် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဆက်လက်ဖမ်းဆီးထားမှုတွေ ရှိနေပါတယ်။ အဲဒါတွေကို အမြန်ဆုံးရပ်တန့်ပါ။ နောက်တခုကတော့ လက်နက်ကိုင်တိုက်ပွဲအတွင်းမှာ ဒုက္ခ ခံနေရတဲ့ ပြည်သူလူထုတွေကို ကာကွယ်ပေးနိုင်သော ယန္တရားကို တည်ဆောက်ပေးပါ။ ပြီးလို့ရှိရင်တိုင်ကြားမှုတွေကို လွတ်လွတ်လပ်လပ် တိုင်ကြားနိုင်ပြီးတော့ တိုင်ကြားမှုတိုင်းကို ထိရောက်သော အရေးယူမှုနဲ့ လုပ်ဆောင်ပေးပါ။ လူ့အခွင့်အရေးပညာပေးမှု ကလေးအခွင့်အရေး အမျိုးသမီး၊ မသန်စွမ်းသူများ အခွင့်အရေးတွေကို လူတိုင်းနားလည်ဖို့အတွက် သင်ရိုးညွှန်းတမ်းကတဆင့် ဒါတွေကို စနစ်တကျ ပို့ချပေးပါ။ လူထုအခြေပြုအဖွဲ့တွေနဲ့ လက်တွဲပြီးတော့ လူ့အခွင့်အရေးကို ဘယ်လိုကာကွယ်မလဲ၊ မြှင့်တင်မလဲဆိုတာကို အဓိပ္ပာယ်ရှိသော တွေ့ဆုံညှိနှိုင်းမှုနဲ့ နိုင်ငံတော်အမျိုးသားစီမံချက်နဲ့ လုပ်ဆောင်ပေးပါ။ ဒါဆိုလို့ရှိရင် ကျနော်တို့ လက်ခံနိုင်ပါမယ်။”
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ သိသိသာသာ တိုးတက်ဖြစ်ထွန်းပေမယ့် နိုင်ငံတကာက လုံလောက်တဲ့ အသိအမှတ်ပြုဖို့ ပျက်ကွက်တယ်လို့ သမ္မတက ပြစ်တင်ဝေဖန်သွားတာတွေ့ရပါတယ်။ ဒီအပေါ်ကို သုံးသပ်ပြပါ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတိုးတက်လာတယ်ဆိုတော့ ဘယ်အတိုင်းအတာနဲ့ နှိုင်းယှဉ်ပြီး တိုင်းတာသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ ကမ္ဘာမှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတခုလို့ သတ်မှတ်ထားတဲ့အနေအထားမျိုးကနေ အခုလိုမျိုး တိုးတက်လာခြင်းက တိုးတော့ တိုးတက်တယ်ဗျ။ ဒါပေမယ့် နိုင်ငံတကာလက်ခံထားတဲ့ စံချိန်စံညွှန်းတွေ မမီသေးပါဘူး။ တကယ်လို့သာ လူ့အခွင့်အရေးလေးစားမယ်ဆိုရင် ကိုယ့်အိုး၊ ကိုယ့်အိမ်ကို လာရောက်ပြီး သိမ်းဆည်းမှာ ကြောက်နေရတဲ့ လူထုမျိုးမရှိရပါဘူး။ ဘယ်နေရာမှာ ဘယ်လိုမျိုး အမုန်းတရားတွေ ဟောပြောမှုကြောင့် ဘယ်သူကလာပြီး နှောင့်ယှက်မလဲဆိုတဲ့ ကြောက်နေရတဲ့ လူမျိုးတွေ မရှိရဘူး။ အကြမ်းဖက်ခံရမယ့်လူမျိုးတွေ မရှိရဘူး။ အဲဒါတွေက နိုင်ငံတကာစံချိန်တွေရှိပါတယ်။ အဲဒီတော့ အဲဒီလိုမျိုး စံချိန်တွေဖြစ်ဖို့အတွက် အများကြီးလှမ်းဖို့ လိုအပ်သေးတယ်။ အစိုးရရဲ့ လုပ်ဆောင်မှုတွေလည်း လိုအပ်သေးတယ်။ တကယ် တိကျတဲ့ တရားဥပဒေစိုးမိုးမှုလည်း လိုအပ်သလို တရားစီရင်မှုလည်း လိုအပ်ပါသေးတယ်။
“အဲဒီတော့ တိုးတက်လာတာ လက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံချိန်အရ ဖြစ်သင့်ဖြစ်ထိုက်သော တိုးတက်မှုတွေမ ရှိတဲ့အတွက် ဆက်လက်ကြိုးပမ်းပါ။ ဒါဆိုလို့ရှိရင်တော့ ကျနော်တို့ တိုင်းပြည်ကလည်း ကျနော်တို့ကိုယ်တိုင်လည်း ကိုယ့်တိုင်းပြည်ကို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုတာ မခံချင်ပါဘူး။ အဲဒီတော့ အမှန်အတိုင်း တိုးတက်လာဖို့အတွက် အမှန်အတိုင်းလုပ်ပြဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးတိုးတက်လာတာကို ကျေနပ်ပြီးတော့ နောက်ထပ်တိုးတက်ဖို့ အများကြီး လိုသေးတာကို လက်မခံလို့ရှိရင်တော့ တိုးတက်မှုလမ်းကြောင်းက ရောက်ရှိလာမှာမဟုတ်ပါဘူး။ တကယ်စစ်မှန်သော တိုးတက်မှုတွေ၊ နိုင်ငံတကာ အဆင့်မီသော လူ့အခွင့်အရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။”
