Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစိုးရတပ် ထိုးစစ်ဆင်
နန်းမြနဒီ
·
October 17, 2014
ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင် ၊ ကိုးကန့် နဲ့ တအာင်း  ပူးပေါင်းတိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့တွေကို အစိုးရတပ်က ထိုးစစ်ဆင်နေတယ်လို့ တီအန်အယ်လ်အေ တအာင်းတပ်မတော်က  ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့နယ်ဘက်မှာ ပူးပေါင်းလှုပ်ရှားနေတဲ့  ကေအိုင်အေ၊ တီအန်အယ်လ်အေ နဲ့ အမ်အန်ဒီအေအေ စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို  တပ်မ ၉၉ နဲ့ တပ်မ ၁၁ အစိုးရတပ်က  အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တယ်လို့  တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပြောပါတယ်။ [caption id="attachment_68151" align="aligncenter" width="409"]တီအန်အယ်လ်အေတပ်ဖွဲ့ တီအန်အယ်လ်အေတပ်ဖွဲ့[/caption] သူတို့စခန်းချတဲ့ လွယ်ကန် ၊ ပန်ဖျတ် စတဲ့ဒေသဘက်ကို စစ်တပ်က အင်အား ၄၀၀ ကျော်နဲ့  ၀င်လာရာက  နှစ်ဘက်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ မနေ့ကဆိုရင် အဲဒီတ၀ိုက်မှာပဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်း တပ်မတော်ရဲ့  နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ  တာ့ပန်လက ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရတပ်က ကျနော်တို့စခန်းကို လွန်ခဲ့တဲ့ ၂ ရက်ကတည်းက  စစ်ကြောင်း ၅ ကြောင်းနဲ့ လာဝိုင်းထားတာရှိတယ်။ အဲဒီမှာ ကျနော်တို့စခန်း လေးငါးခုလောက်ရှိတယ်။ မနေ့တုန်းကတော့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တယ်၊  ၃ ကြိမ်ပစ်ကြတယ်ခင်ဗျ၊ မနက်ခင်း ၁၀ နာရီလောက်မှာ တခါ ၊ ၁၂ နာရီမှာတခါ ၊ ၁ နာရီ ၅၀ မိနစ်လောက်မှာတစ်ခါ ဖြစ်တယ်။ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ အလုံးပေါင်း လေးငါးဆယ်လောက်ပစ်တယ်။ ညနေ ၃ နာရီလောက်မှာရပ် သွားတယ်၊ ရွာသားတွေတော့ အသံကြားလို့ ကြောက်ပြီးထွက်ပြေးကြတယ်။” အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် သူတို့ဘက်က ထိခိုက်ဒဏ်ရရသူတွေ အနည်းငယ်ရှိခဲ့ပြီး အစိုးရတပ်ဘက်က ထိခိုက်မှုကိုတော့ မသိရကြောင်း၊  ဒီနေ့မနက် အခြေအနေငြိမ်သက်နေပေမယ့်  အစိုးရတပ်ဘက်က ဆုတ်ခွာသွားတာ မရှိသလို တဘက်နဲ့တဘက် လှမ်းမြင်ရလောက်အောင် နီးကပ်နေလို့  ပစ်ခတ်မှု အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီအောက်တိုဘာလအတွင်း ပစ်ခတ်မှု ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ပန်စေ့ကျေးရွာ ဘက်မှာလည်း အောက်တိုဘာလ ၁၅  ရက်နေ့က အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပြီး  ယူဒဗလျူအက်စ်အေ ၀ တပ်အနီးက ရှမ်းပြည် တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ တပ်စခန်းတွေကို နောက်ဆုတ်ပေးဖို့ ရှမ်းပြည်နယ်နယ်စပ်လုံခြုံရေးဝန်ကြီးက ညွှန်ကြားထားတယ်လို့ ရှမ်း သံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာလည်း  ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ ရဲ့ စခန်းတွေကို ဆုတ်ခွါပေးဖို့ တပ်မ ၆၆ အစိုးရတပ်က ညွှန်ကြားထားပြီး ကေအိုင်အေကလည်း ဆုတ်မပေးနိုင်တဲ့ အတွက် စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ အစိုးရက တိုင်းရင်းသားဒေသတွေမှာ ခုလို ထိုးစစ်ဆင်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကလည်း ထိုးစစ်တွေချက်ချင်း ရပ်တန့်ဖို့ အောက်တို ဘာလ ၁၅ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024