Home
အထွေထွေ
ဖားကန့် အောင်ဘာလေရွာကို ၀င်ထွက်ခွင့် အစိုးရတပ် ပိတ်ပင်
DVB
·
October 16, 2014
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေရွာက ရွာသားတွေကို နယ်မြေ အခြေစိုက် အစိုးရတပ်ရင်းက ၀င်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။ [caption id="attachment_62380" align="aligncenter" width="414"]အစိုးရ စစ်ကြောင်းတခု အစိုးရ စစ်ကြောင်းတခု[/caption] ဒီမတိုင်ခင်က ရွာသားတွေအနေနဲ့ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး အဲဒီရွာကနေ ရွှေ့ပြောင်းသွားကြဖို့ တပ်မ ၆၆ တပ်မမှူးက ညွှန်ကြားထားပေမယ့်လည်း   အောက်တိုဘာ ၁၅ ရက်ညနေပိုင်းကစပြီး ၀င်ထွက် သွားလာခွင့် ပိတ်ပင်လိုက်တယ်လို့  ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဒါရှီလာဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် အစိုးရတပ်အင်အား ၂၀၀ ကျော်ကလည်း အောင်ဘာလေရွာနဲ့  မီတာ ၂၀၀ အကွာ ဥရုချောင်းတဘက်ကမ်းမှာ ရောက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီဘက်ကမ်းမှာ ကေအိုင်အေရဲ့ တပ်စခန်းတွေလည်း ရှိနေတဲ့အတွက် ထိတွေ့ ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်မကင်းဖြစ်တဲ့ ရပ်မိရပ်ဖနဲ့ သင်းအုပ်ဆရာတွေက တပ်မမှူးဆီ သွားရောက်ပြီး ရှေ့တက်မလာဖို့ သွားရောက်မေတ္တာရပ်ခံခဲ့တဲ့ကြားက ခုလို တပ်တွေ နေရာယူလာတာလို့  ဆိုပါတယ်။ အဲဒီဒေသမှာ ကျောက်စိမ်းမှော်လည်း ရှိပြီး ကေအိုင်အေက အခွန် ကောက်ခံနေတာကို မနှစ်မြိုတဲ့ ကုမ္ပဏီတချို့က အစိုးရကို တိုင်ကြားတာကြောင့် စစ်တပ်က ကေအိုင်အေစခန်းတွေ ဆုတ်ပေးဖို့ ပြောခဲ့သလို  ရွာသားတွေကိုလည်း အခြားကို ရွှေ့ပြောင်းသွားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ကေအိုင်အေအရာရှိတဦးကတော့ သူတို့ဘက်က ဆုတ်ခွာပေးဖို့ အစီအစဉ် မရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။ စစ်တပ်က ခုလို ၀င်ထွက်သွားလာခွင့် ပိတ်ပင်လိုက်တာဟာ ရွာသားတွေရဲ့ နေ့စဉ်ဘ၀ လုပ်ကိုင်စားသောက်မှုတွေကို ထိခိုက်ကြောင်း၊ ရေရှည်မှာဆိုရင်တော့ အပြင်ကလာတဲ့ ကုန်ပစ္စည်းတွေ ရွာထဲ ၀င်ခွင့်မရတာကြောင့် အခက်အခဲတွေ အများကြီး ရှိလာနိုင်မယ်လို့  ဦးဒါရှီလာဆိုင်းက ပြောသွားပါတယ်။ အောင်ဘာလေရွာဟာ ဖားကန့်မြို့ပေါ်နဲ့ ၁၅ မိုင်လောက်ဝေးပြီး လူနေအိမ်မြေ ၃၀၀ ကျော်နဲ့ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေပါ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024