ကန့်ဘလူ ထွန်တုံးတိုက်ပွဲဝင် ထောင်ကျ လယ်သမားတချို့ ပြန်လွတ်

ထွန်တုံးတိုက်ပွဲဝင်စဉ်က (ဓာတ်ပုံ- တင်မျိုး)
1.4K
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းက တပ်သိမ်းမြေတွေမှာ ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆို ထောင်ချခဲ့ရာက လယ်သမား ၇ ဦး ရွှေဘိုအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ကန့်ဘလူက လယ်သမား ၅၆ ယောက်ကို ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ လွတ်လာတာကတော့ ထောင်ဒဏ် ၃ လချမှတ်ခံရသူတွေဖြစ်ပြီး လျှော့ရက် ၂ ရက်နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
[caption id="attachment_67926" align="aligncenter" width="423"]
ထွန်တုံးတိုက်ပွဲဝင်စဉ်က (ဓာတ်ပုံ- တင်မျိုး)[/caption]
ခအုံးတာ ကျေးရွာ ဒေသခံ ကိုသန်းထိုက်က “၃ လကျသွားတဲ့ တောင်သူ ၇ ဦး ဒီနေ့ပဲ လွတ်မြောက်တယ်။ ရွှေဘိုထောင်ကနေပြီးတော့ပေါ့နော်။ ရက်စေ့လို့ လွတ်မြောက်သွားတာပါ။ ၅၆ ယောက် ပထမ တသုတ်အနေနဲ့ ထောင်ကျသွားတယ်။ ခု နောက်ထပ် တရားရင်ဆိုင်နေရတဲ့အထဲမှာ ထောင်ကျသွားတဲ့ လူတွေအထဲကလည်း ပါတယ်” လို့ ပြောပါတယ်။
တပ်သိမ်းမြေတွေပြန်ရဖို့အတွက် တောင်သူတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ပြီး ယာမြေတွေပြန်ရရေး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လတ်တလော တောင်သူတွေ တရားစွဲခံ ထောင်ကျခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံ ရွာသားတဦးက အခုလို ပြောပါတယ်။
“ဒေသတခုလုံးအတွင်းမှာ ရေမှော်၊ ထန်းတပင်၊ ဘူးကုန်း၊ ထောက်ကြာအိုင်၊ ပြေကြီး၊ ခအုံးတာ၊ ငှက်ပျောတိုင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ တောင်သူတွေက ၂၂၆ ဦးရှိတယ်။ ဒီ ၂၂၆ ဦးမှာ နောက်ထပ်စွဲထားတဲ့အမှုတွေလည်း ရှိသေးတယ်။ တရားစွဲခံတောင်သူတွေနဲ့ အဆက်သွယ်မရသေးတဲ့အတွက် ဘယ်လောက်ကျန်နေတယ်ဆိုတာ အတည်ပြုလို့မရသေးဘူး။ သမ္မတရုံး စာအမှတ် ၁၀၇၊ ဆောင်းသီးနှံစိုက်ပျိုးမြေကို စက်တင်ဘာလ၊ မိုးသီးနှံစိုက်ပျိုးမြေကို ဇွန်လ မတိုင်မီ လယ်ယာမြေပြဿ နာတွေ ဖြေရှင်းပေးဖို့ သမ္မတ တိုက်တွန်းတဲ့စာ ထွက်လာတဲ့အချိန်မှာ ဒေသတွင်း ထွန်းတုံးတိုက်ပွဲတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဒါတွေ ဖြေရှင်းမပေးနိုင်တဲ့အခါ အခုလို တရားစွဲပြီး ထောင်ကျရတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရတာပါ။”
ဒီရက်ပိုင်းမှာလည်း ရွာသားတချို့ပြန်လွတ်ဖို့ရှိနေပြီး သူတို့အထဲမှာ အမှုရင်ဆိုင်ရဦးမယ့် သူတွေလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာ နောက်ထပ်တရားစွဲဆိုခံနေရတဲ့ လယ်သမား နှစ်ရာကျော်ကျန်ရှိနေပါသေးတယ်။
လာမယ့် ၂၈ ရက်နေ့မှာတော့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ခအုံးတာ ရွာက တောင်သူ ၁၇၃ ယောက် ရုံးချိန်းရှိနေပါတယ်။
ကန့်ဘလူမြို့နယ်ထဲမှာ ဒေသခံတောင်သူတွေရဲ့မြေဧက ၁ သောင်းကျော်ကို ၁၉၉၁ ခုနှစ်တုန်းက ထောက်ပို့တပ်က ကြံစိုက်ဖို့ သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ တပ်တွေက သီးစားတွေကို ထပ်အငှားချထားတာ ဖြစ်ပါတယ်။
