DVB Logo
Home
မြန်မာသတင်း
ထိုင်းလိပ်ကျွန်းလူသတ်မှု အစိုးရသက်သေ ၃ ဦး လွတ်လပ်ခွင့်ပေး
DVB
·
October 15, 2014
ထိုင်းလိပ်ကျွန်းလူသတ်မှု အစိုးရသက်သေ ၃ ဦး လွတ်လပ်ခွင့်ပေး
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှုနဲ့ဆက်စပ်ပြီး အစိုးရသက်သေအဖြစ် ထိန်းသိန်းထားတဲ့ ကိုမောင်မောင်အပါအ၀င် ၃ ဦးကို မနေ့က ကော့စမွီခရိုင်တရားရားရုံးမှာ ကြားနာပြီးတဲ့နောက် ထိုင်းရဲက လွတ်လပ်စွာသွားလာခွင့်ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

[caption id="attachment_67908" align="aligncenter" width="407"]တရားလိုပြသက်သေ ၃ ဦး တရားလိုပြသက်သေ ၃ ဦး (ဓာတ်ပုံ - အမ်အေတီ)[/caption]

“ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကို တွေ့ဖူးပါတယ်။ အဲဒီတုန်းက သက်သေမောင်မောင်ဟာ ရဲရဲ့ထိန်းသိမ်းမှုအောက်မှာရှိပြီးတော့ ဘာသာပြန်နဲ့အတူ ပါလာတာတွေ့ပါတယ်။ တွေ့တော့ ကျနော်တို့က ပြောပါတယ်။ ဒီဟာက တရားခံမဟုတ်ဘူး၊ တရားလိုပြသက်သေဖြစ်လို့ ဘာဖြစ်လို့ ဒီလို ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ နေရတာလဲလို့ ပြောခဲ့ဖူးတာရှိပါတယ်။ မနေ့ကတော့ ၃ ယောက်လုံးကို မနက်ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိ စစ်လိုက်ရပါတယ်။ စစ်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ၃ ယောက်ဟာ ကြိုတင်ထွက်ချက်တရားသူကြီးရှေ့မှာ ရယူတာဖြစ်ပါတယ်။ အဲဒီထွက်ချက်ကြားနာပြီးတဲ့အခါ သူတို့ရဲ့ သက်သေထွက်ချက်ပြီးဆုံးပြီမို့လို့ ဒီသက်သေအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲလို့ ပြောတဲ့အခါမှာ ဒီသက်သေတွေကို ပြန်လွှတ်ပေးလိုက်တာပါ။

“မနေ့က သုံးယောက်လုံးရဲ့ စစ်ဆေးချက်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စွပ်စွဲခံရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့နှစ်ယောက်စလုံးဟာ ပြစ်မှု ကျူးလွန်ကြောင်း မြင်တွေ့တယ်၊ သိရှိတယ်ဆိုတဲ့ သက်သေတွေ မဟုတ်ပါဘူး။ သဘောကတော့ သူတို့ထွက်ချက်တွေဟာ စွပ်စွဲခံရတဲ့သူတွေကို ငြိစွန်းတဲ့အချက် မရှိဘူးလို့ပဲ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီလူသတ်မှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြန်လွတ်လာသူနှစ်ဦးက လိပ်ကျွန်းကိုပြန်သွားပြီး ကိုမောင်မောင်ကိုတော့ စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

“မနေ့က မျက်မြင်သက်သေ ၃ ယောက် စစ်ဆေးချက်တွေပြီးတော့ သူတို့တွေ လူတွေအကုန်လုံး ပြန်လွှတ်တယ်။ လွှတ်တော့ အဲဒီ ၂ ယောက် ညီညီအောင်နဲ့ အောင်လင်းဇော်က ပတ်စပို့ရှိတဲ့အတွက် သူတို့ ကျွန်းကို ပြန်သွားတယ်။ ဆိုတော့ အရင်ကျနော်တို့ တွေ့ဖို့ အခက်အခဲရှိထားတဲ့ မောင်မောင်ကျတော့ တခုခုဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က မနေ့ညနေကတည်းက ဒီကလေးသုံးယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်မှာပဲ ခေါ်သိပ်တယ်။”

အစိုးရသက်သေဖြစ်တဲ့ ကိုမောင်မောင်က သူ့ကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းတာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အခု မြန်မာပြည်ကိုပြန်ချင်တယ်လို့ ပြောပါတယ်။

သူ့ကို ရဲကစစ်မေးရာမှာရော၊ တရားရုံးမှာ စစ်မေးရာမှာရော စွပ်စွဲခံရသူနှစ်ဦးနဲ့ ဘီယာအတူတူသောက်တာ၊ စီးကရက်ဝယ်တာ ဒီနောက် စွပ်စွဲဖမ်းခံထားရတဲ့ သူငယ်ချင်းနှစ်ယောက်ကို ထားပြီး သူ့ချစ်သူထံ သွားရောက်တာ၊ မနက်ငါးနာရီမှာ အခန်းပြန်လာတဲ့အခါ နှစ်ယောက်သား အိပ်နေကြတာ။ အခင်းဖြစ်ပြီး ရဲတွေ စစ်နေချိန်မှာ အဲဒီနှစ်ယောက် ဘယ်မှ ထွက်မပေးဘဲ ဆက်နေနေကြတာတွေကို ထောက်ပြပြီး သိတာ သိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

[caption id="attachment_67913" align="alignleft" width="329"]ကိုမောင်မောင် (ဓာတ်ပုံ - အမ်အေတီ) ကိုမောင်မောင် (ဓာတ်ပုံ - အမ်အေတီ)[/caption]

“ကျနော်က ထိုင်းနိုင်ငံ အစိုးရဘက်က လည်း (မျက်နှာ) မထောက်ဘူး။ ကိုယ့်သူငယ်ချင်း ဘ က်ကလည်း မထောက်ဘူး။ ဘာဖြစ်လို့ဆို တရားဥပဒေဆို တာ ထောက်လို့ မရဘူး။ တကယ်လို့များ အဲလိုမျိုးဖြစ် လာလို့ရှိရင် ဒီအမှုဟာ တော်တော်ကြောက်စရာကောင်းတဲ့အမှုပေါ့နော်။ ကျနော်အစကတည်းကနေ အမှန်အတိုင်းပဲ ပြောသွားတယ်ပေါ့နော်။ ကျနော့်သူငယ်ချင်း ဒီလိုမျိုး အဲတာ ဒီကောင်တွေ သတ်ပါတယ်ဆိုတဲ့စကားဟာ ကျနော် ကိုယ်တခုခုဖြစ်ပါမယ်ဆိုတာတောင်မှ ကျနော် မပြောဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က မမြင်ဘူးဆို၊ မမြင်ဘူးပဲ ပြောတယ်။ မသိဘူးဆို မသိဘူးပဲ ပြောတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်က မဟုတ်တာကို အဟုတ်လုပ် ပြောလို့မရဘူးလေ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က စတင်ထိန်းသိမ်းစဉ်ကစလို့ စိတ်ကျဉ်းကျပ်မှုရှိပေမယ့် စစ်မေးတဲ့အခါ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း မရှိကြောင်းနဲ့ ဒါပေမယ့် ဒီလို ရုပ်ခြည်းပြန်လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ကြောင်း သူက ပြောပါတယ်။

“ကျနော့်ကိုယ် ကျနော် ဒီအကျဉ်းအကျပ်ထဲမှာ နေခဲ့တဲ့အချိန်က  ကော့စမွေမှာ နေခဲ့တဲ့အချိန်က ကျနော့်ကိုယ်ကျနော် လုံးဝကို မျှော်လင့်ချက်မထားဘူး မနေ့က လွှတ်မယ်လို့၊ အဓိကကတော့ ဆရာကြီးတွေ (ကူညီလိုက်ပါဆောင်ရွက်သူတွေ) ကြောင့်ပေါ့။ သူတို့တောင်းဆိုတဲ့ အတွက်ကြောင့်ပေါ့။ သက်သေခံကို ဒီလိုမျိုးအကျဉ်းအကျပ်မှာ မထားသင့်ဘူးလို့ တောင်းဆိုလို့။”

“ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်ဆိုတာ အိပ်မက်မက်နေသလား၊ ဒါမှမဟုတ် စိတ်ကူးယဉ်နေတာလားလို့ ထင်တယ်ပေါ့နော်။”

ပုလိပ်ဗိုလ်တယောက်က သူ့ကို ထိုင်းဘတ်ငွေ ၁၀၀၀ ပေးပြီး သွားလိုရာသွားနိုင်ကြောင်း ခွင့်ပြုတဲ့အတွက် စတင်လွတ်မြောက်လာပြီး မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေတယ်လို့ ဆိုပါတယ်။

သူငယ်ချင်း ၂ ဦး သတ်ဖြတ်တယ်လို့ ရဲက စွပ်စွဲပြီး ဖြောင့်ချက်ထုတ်ပြန်ထားတဲ့အပေါ် ကိုမောင်မောင်အမြင်ကတော့ ခုလို ဖြစ်ပါတယ်။

“ကျနော့်အထင်ကတော့ သူတို့ လုပ်ဖို့သတ္တိလည်း ရှိမယ်မထင်ဘူးပေါ့။ နောက် လူအများကလည်း ကြည့်တာက လူတယောက်ကို သတ်ထားတာမဟုတ်ဘူး။ လူတ်ယောက်ကို ထိုးမိရင်တောင်မှ အဲဒီနှစ်ယောက်က နေရတာ တော်တော်ခက်တယ်နော်။ ဒါ လူအတော်များများက လူကြီးတွေကရော ပြည်သူလူထုကရော အကုန်လုံးကို၊ လူတယောက်ကို သတ်ထားရင် ဒီလိုမျိုးနေလို့ မရဘူးဆိုတာ ဒီလိုမျိုး ပြောနေကြတာပေါ့” လို့ ပြောပါတယ်။

“ကျနော့်စိတ်မှာ ဘာမှတော့ သူတို့ကို မသင်္ကာမဖြစ်ဘူး။ ကိုယ့်လူကို ကိုယ်ပေါ့နော်။  ခုထက်ထိလည်း မသင်္ကာမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနပြောသလို လူတယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့တယ် (ဓာတ်ပုံ) ရက်ရက်စက်စက်သတ်နိုင်ဖို့ ဆန္ဒရှိတယ်ဆိုတာ အဲလောက်ထိ ပြင်းထန်တဲ့ဆန္ဒ သူတို့မှာရှိမယ်လို့ လုံးဝကို မယူဆဘူး။”

စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရတဲ့အတွက် ကိုမောင်မောင်ရဲ့ သူငယ်ချင်းနှစ်ဦးဖြစ်ကြတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းကိုတော့ ရဲက မုဒိမ်းမှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မနေ့က အစိုးရသက်သေ ၃ ဦးကို ကော့စမွီတရားရုံးမှာ ကြိုတင်စစ်ဆေးခဲ့ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ရှေ့နေများအဖွဲ့၊ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013