Home
မြန်မာသတင်း
စစ်တပ်နှင့်မီဒီယာ အပြန်အလှန်ကူညီရန် သဘောတူ
DVB
·
October 14, 2014
မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်နဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ထားပေးမှာ ဖြစ်သလို သတင်းတွေလည်း ထုတ်ပြန် ပေးသွားမယ်လို့  စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံ ပြောဆိုလိုက်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး မီဒီယာတွေက သတင်းရယူရာမှာ ခက်ခဲတဲ့ အပိုင်းတွေ ရှိနေတဲ့အတွက် တပ်မတော်ဘက်က တရားဝင် သတင်းထုတ်ပြန်ရေးစင်တာသို့ လူပုဂ္ဂိုလ်တွေ ထားဖို့ စာနယ်ဇင်းကောင်စီ(ယာယီ)က တင်ပြတောင်းဆိုရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို တုံ့ပြန် ပြောဆိုလိုက်တာလို့ စာနယ်ဇင်းကောင်စီ ယာယီက ဥက္ကဋ္ဌ သတင်းစာဆရာကြီး ဖိုးသောကြာက ပြောပါတယ်။ 10708652_949934768354912_6522013044753931352_o“တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မေးလို့ ရှိရင်လည်း သူတို့ဘက်က ဖြေမယ်။ ဖြေရမယ့် တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း သူတို့ဘက်က ရွေးထားပြီးပြီ။ အားလုံး ရွေးထားပြီးပြီပေါ့နော်။ မကြာမကြာ သူတို့ တွေ့ဖို့ အစီအစဉ်လုပ်ပါမယ်တဲ့၊ မီဒီယာဟာ တိုင်းပြည်အတွက် အရေးကြီးပါတယ်တဲ့။ ဒါကို တပ်မတော်က လက်ခံပါတယ်တဲ့၊ မီဒီယာရဲ့ အကူအညီကို လိုအပ်သလို သူတို့ကလည်း မီဒီယာကို ကူညီပါမယ့်တဲ့။” ဒါ့အပြင် တပ်မတော်နဲ့ မီဒီယာ ဆက်ဆံရေး၊ တပ်မတော်အလုပ်တွေကို မီဒီယာက နားလည်ဖို့ မီဒီယာရဲ့ သဘောသဘာဝတွေကိုလည်း တပ်မတော်က နားလည်ပေးဖို့ ဆွေးနွေးခဲ့ပြီး ယုံကြည်မှု တည်ဆောက်ခဲ့ တယ်လို့ သူက ပြောပါတယ်။ ဒီမိုကရေစီ စနစ်တခုကို ရောက်အောင်သွားမယ်ဆိုတဲ့ ကတိစကားတခုကို ရရှိခဲ့သလို မီဒီယာကျင့်ဝတ်နဲ့ အညီ တာဝန်သိတဲ့ မီဒီယာအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရေး ဦးစီးချုပ်က လက်ခံခဲ့တယ်လို့ ဖိုးသောကြာက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာပါဝင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဇော်သက်ထွေးကတော့ တပ်မတော်ဆီမှာ သတင်းတွေရယူရာမှာ အခက်အခဲတွေကို ပြေလည်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေနဲ့ တပ်မတော်သတင်း ရယူတဲ့ မီဒီယာသမားတွေ အန္တရာယ်မရှိစေရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ “တပ်မတော်က လက်ရှိ အမျိုးသားနိုင်ငံရေးထဲမှာ သူက အမျိုးသား အင်အားစု တရပ်အနေနဲ့ ရှိနေပါတယ်။ ရှိနေတဲ့အခါကျတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့ အခါမှာ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ အခု အဲဒါတွေနဲ့ ပတ်သက်လို့ မီဒီယာပေါ့လေ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီနဲ့ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးမှုတွေက တော်တော် ပွင့်ပွင့်လင်းလင်းရှိပြီးတော့ အနာဂတ်အတွက် ကောင်းမွန်တယ်လို့ တွေ့ရတယ်။ ကွဲပြားမှု သိပ်မရှိဘူးလို့ ပြောလို့ရပါတယ်။” ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ စာနယ်ဇင်းကောင်စီ ယာယီတို့ ပူးတွဲ ကြေညာချက်မှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြည်သူနဲ့ တိုင်းပြည်ကို အသိပေးသင်တဲ့ သတင်းတွေကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တပ်မတော်က သတင်းထုတ်ပြန်မှု လွယ်ကူချောမွေ့စေရေးအတွက် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်သွားမယ်လို့ ရေးသားထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ စာနယ်ဇင်းသမားတွေ သတင်းရယူရာမှာ တရားစွဲဆိုခံရတာတွေ ရှိလာတဲ့အတွက် ကောင်စီ အနေနဲ့ စိုးရိမ်ပူပန်မှု ရှိခဲ့လို့  နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့ပြီး တွေ့ဆုံခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ တပ်မတော်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့သလို  စာနယ်ဇင်း ကောင်စီယာယီဘက်ကတော့  ဥက္ကဋ္ဌ အပါအ၀င် ၇ ဦးတို့ ၃ နာရီနီးပါး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024