DVB Logo
Home
မြန်မာသတင်း
ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု
DVB
·
October 14, 2014
ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု
Donate to DVB

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းမှာ ပါဝင်တဲ့ အခန်း ၁၄ ခန်း ပုဒ်မ ၁၀၀ ကျော်ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တပုဒ်ချင်း ဆွေးနွေးပြင်ဆင်မှုတွေလုပ်ပြီး အတည် ပြုနိုင်ခဲ့တာပါ။

national parlimentဒီဥပဒေထဲမှာပါဝင်တဲ့ ရုပ်သံမီဒီယာလုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံပိုင်ခွင့်နဲ့ ပက်သက်တဲ့ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတခုက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၃၀ ရာခိုင်နှုန်းထက် မပိုတဲ့ ရင်းနှီးမြှုပ်နှံခွင့်ပြုတယ်ဆိုတဲ့အချက်ကိုလည်း ၃၀ ရာခိုင်နှုန်းအစား တည်ဆဲဥပဒေ နှင့်သာ ခွင့်ပြုနိုင်တယ်လို့ ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးခင်မောင်ရီက “တည်ဆဲဥပဒေဆိုတာက ရှိတဲ့ဥပဒေ ရှိတာပေါ့။ အဲဒီဥပဒေတွေက ဘယ်ဥပဒေတွေကိုပဲ ဖြစ်ဖြစ် ကိုးကားလို့ရတဲ့ သဘော ပါပါတယ်။ ဘာလို့ အဲဒါကို ပြင်ပေးချင်လဲဆိုရင် ၃၀ ရာခိုင်နှုန်း အသေမှတ်ထားလို့ မရဘူး။ နောင်တချိန်မှာ ဒါတွေက အက်ဖ်ဒီအိုင် ဥပဒေတွေ ပြင်မယ်ဆိုရင် အချိုးအစားတွေ ပြင်သွားနိုင်သေးတယ်။ ပြင်တိုင်းပြင်တိုင်း နောက်က လိုက်မပြင်ရအောင် တည်ဆဲဥပဒေနဲ့အညီဆိုတာ၊ နောက်ဥပဒေဖြစ်ရင်လည်း အဲဒီဥပဒေသစ်နဲ့အညီ လုပ်လိုက်ရုံပဲ။ ၃၀ ရာခိုင်နှုန်း ယတိပြတ်ဖြတ်ထားခဲ့ရင် အချိုးအစားပြင်ဆင်ချင်ရင် ပြင်ဆင်ချက် တခါထုတ်ပြန်ရမယ်။ အဲဒါကြောင့် ပြင်ပေးလိုက်တာပါ။”

ဒီဥပဒေကြမ်းမှာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းဟာ ပြည်သူ အတွက်ဖြစ်လို့ ပြည်သူရန်ပုံငွေနဲ့ လည်ပတ်မှာ ဖြစ်ပြီး ပြည်သူက ကြီးကြပ်ကွပ်ကဲခြင်းပြုရ မယ့်လုပ်ငန်း ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ စွက်ဖက်မှုနဲ့ စီးပွားရေးအင်အားစုတွေရဲ့ ဖိအားကနေ ကင်းလွတ်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်လို့ ပါရှိပါတယ်။

လွှတ်တော်ကို ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့  ပြည်တွင်းက နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲကျင့်သုံးတဲ့အခါ  ရန်ပုံငွေကိုတော့ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေမှာ ပါတဲ့အတိုင်း  ၇၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့မှာ ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကိုတော့ စီးပွားဖြစ်ကြော်ငြာတွေနဲ့ ဆက်လက် ရပ်တည်ရမှာမျိုး ဖြစ်တယ်လို့ မီဒီယာတွေကို  ပြောပါတယ်။

“အဲလိုသတ်မှတ်တဲ့ ရည်ရွယ်ချက်က တချို့နိုင်ငံတွေမှာကျတော့ ၁၀၀ ရာခိုင်နှုန်းလုံးကို အခွန်ကောက်တခုကနေ ပေးတယ်။ ဥရောပနိုင်ငံတွေဆိုရင် တီဗွီ၊ ရုပ်မြင်သံကြားစက်ပိုင်တဲ့ သူတိုင်းက ၁ နှစ်ကို ဒေါ်လာ ၁၀၀ ကျော် အခွန်ဆောင်ရတယ်။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစက်ပိုင်တဲ့လူ ၁ သိန်းကျော်ဆို ၁ နှစ်ကို ၁ သိန်းအခွန်ကောက်လို့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ ကျနော်တို့က ပုံတိုက် ရန်ပုံငွေအနေနဲ့ အစိုးရက တင်ပြမယ်၊ လွှတ်တော်က ခွင့်ပြုမယ်။ အသေးစိတ် ဘယ်လောက်သုံးမယ်ဆိုတာ ပြောလို့မရဘူး။ နှစ်ကုန်ရင်တော့ ဒီငွေကို အကျိုးရှိရှိ သုံးနိုင်လား၊ မသုံးနိုင်ဘူးလားဆိုတာ ပြန်သုံးသပ်မှာပေါ့။ ဒါပေမယ့် အယ်ဒီတာမူဝါဒတို့ ဘာတို့ကို လွှတ်တော်ကသော် လည်းကောင်း၊ အစိုးရအဖွဲ့က သော်လည်းကောင်း ၀င်စွက်ဖက်လို့ မရဘူး။”

ဒီဥပဒေကြမ်းဟာ  အစိုးရပိုင်  ရုပ်သံမီဒီယာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အားသာချက်များစွာ ရယူထားတဲ့ ဥပဒေဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲတဲ့အခါ အစိုးရရဲ့ အာဘော်ကနေ ကင်းလွှတ်ဖို့ အာမခံနိုင်ပါမလားဆိုတဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီးလည်း  သူက ခုလိုဖြေကြားပါတယ်။

“အာမခံ ရမယ်။ ခင်ဗျားတို့က ရုပ်သံဥပဒေတခုပဲ ကြည့်နေတာကို။ ဟိုဘက်က အများပြည်သူဝန်ဆောင်မှုဥပဒေ မူကြမ်းတင်ထားတာ ရှိတယ်။ အဲဒီမှာ ကြည့်လိုက်ရင် သူက အပေါ်က အများပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီဆိုတာ ရှိတယ်။ ကောင်စီက ဘာပဲလုပ်လို့ရလည်းဆိုရင် အောက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို သူက ရွေးပေးလို့ရတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သူဝင်ပြောလို့ မရဘူး။ တနှစ်တခါ ပြန်သုံးသပ်ရမယ်။ တနှစ်တခါပြန်သုံးသပ်လို့ မအောင်မြင်ရင် သူ့ကိုဖယ်။ အောက်မှာရှိတဲ့ အယ်ဒီတာတွေ၊ စာတည်းမှူးချုပ်တွေပေါ့ဗျာ။ မြန်မာအသံဆိုလည်း မြန်မာ့အသံ ညွှန်ချုပ်တို့ကျတော့ အုပ်ချုပ်ရေးအဖွဲ့က ရွေးတယ်။ ရွေးပြီးတော့ ကောင်စီကို တင်ပြရတယ်။ ကောင်စီက အတည်ပြုရင် သူ့ကို ခန့်ထားတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို အုပ်ချုပ်ရေးအဖွဲ့က ၀င်စွက်လို့ မရဘူး။ သူ့ကိုဖယ်ချင်ရင် အကြောင်းအကျိုးနဲ့ ကောင်စီကို ပြန်တင်ရတယ်။ တယောက်နဲ့တယောက် အပြန်အလှန်ထိန်းကျောင်းထားတဲ့အတွက်ကြောင့် အတော်များများ လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့။”

ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြဖို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ပေးပို့လာတာ ဖြစ်ပြီး  အဲဒီနောက်မှာ ဥပဒေကြမ်းကော်မတီက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီနေ့ အတည်ပြုခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013