DVB Logo
Home
မြန်မာသတင်း
ကော်သူးလေတပ်မတော်ဖွဲ့စည်းရန် ကေအန်ယူသဘောတူ
DVB
·
October 14, 2014
ကော်သူးလေတပ်မတော်ဖွဲ့စည်းရန် ကေအန်ယူသဘောတူ
Donate to DVB

ကရင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကော်သူးလေတပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ သဘောတူညီချက်ရရှိကြောင်း ပူးတွဲထုတ်ပြန်ကြေညာချက်တရပ် ထွက်ပေါ်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ လက်နက်ကိုင်တပ်တွေနဲ့  ကေအန်ယူ/ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီကေဘီအေတို့နဲ့ ပြန်လည်ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ထူထောင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ၁၃ ရက်နေ့ထုတ် ပူးတွဲကြေညာချက် ထွက်ပေါ်ခဲ့ပါတယ်။

statementဒီကြေညာချက်နဲ့ ပတ်သက်လို့ ဒီဗွီဘီက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကုန်လုံးကို အတည်ပြုချက်ရ ယူပေမယ့် တိကျခိုင်မာတဲ့ အတည်ပြုချက်တော့မရပါဘူး။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး  ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကို မေးမြန်းရာမှာ ကော်သူးလေ တပ်မတော်တည်ထောင်ဖို့ကိစ္စဟာ ကေအန်ယူ ကွန်ဂရက်က ချမှတ်ထား တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်ဘက်ကနေပြီး  ကေအန်ယူ ကွန်ဂရက်က ဆုံးဖြတ်ထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြန်လည်ပေါင်းစည်းဖို့အတွက်ပေါ့၊ အဲဒါအကောင်အထည်ဖော်တာဖြစ်တယ်။” အသေးစိတ်ကိုတော့ သူက ပြောဆိုခြင်းမရှိပါဘူး။

ဒီပူးတွဲကြေညာချက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ကေအန်ဒီအို)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နဲ့  ကရင်ငြိမ်းချမ်းရေးကောင်စီ ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ အဖွဲ့တွေပူးပေါင်းပြီး ကော်သူးလေတပ်မတော် အဖြစ် ပြန်လည်ပေါင်းစည်းကြဖို့ သဘောတူကြောင်း ပါရှိပါတယ်။

ကော်သူးလေတပ်မတော်ဟာ ကရင်အမျိုးသားအလံတော်အောက်မှာရှိနေပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးအပြည့်အ၀ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ပေါ်လာရေးကို တိုင်းရင်းသား တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲ ၀င်သွားမယ်လို့ ဆိုပါတယ်။

အဲဒီပူးတွဲကြေညာချက်မှာ ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို ကိုယ်စားပြုပြီး  ဗိုလ်မှူးကြီးတိုက်ဂါးက လက်မှတ်ရေးထိုးထားပါတယ်။ ဒါကြောင့် ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီအဖွဲ့ကို မေးမြန်း ကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီရဲ့ တစုံတရာ သဘောထားမပါကြောင်း  ဗဟိုတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောနဂါးလေးက ပြောပါတယ်။

“အဲဒီကိစ္စက ပြောရမယ်ဆိုရင်တော့ ဘယ်သူအင်တာနက်မှာ တင်လိုက်မှန်းကို မသိတာ။  ကျနော်တို့ ငြိမ်းချမ်းရေးကောင်စီမှာ ဒီလိုမျိုး သဘောဆန္ဒလည်းမရှိဘူး။ အတည်ပြု ချက်လည်းမရှိဘူး။ သိလည်းမသိပါဘူး။”

အစိုးရနဲ့  အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံးစုပေါင်းပြီး  ကရင်လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီတရပ်ကို ပြီးခဲ့တဲ့နှစ် မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ပါသေးတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအန်ဒီအို) ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကလည်း  လာမယ့် ကော်မတီအစည်းအဝေးမှာ ကော်သူးလေတပ်မတော်ကိစ္စကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီကေဘီအေဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကောင်စီဖြစ်ဖြစ်၊ ကေအန်အယ်လ်အေ ဖြစ်ဖြစ် အားလုံး ကော်သူးလေတပ်မတော် ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ကရင်တပ်မတော်တွေက အများကြီးပဲ။ နောက်ဆုံးမှာတော့ ကော်သူးလေတပ်မတော်ဖြစ်ရမယ်။  ကရင်အမျိုးသားအတွက် ကရင့်တပ်မတော် တမျိုးပဲ ရှိရမယ်။ ဒါကြောင့်မလို့ ကျနော်တို့ သဘောတူတာကတော့ ကရင်တပ်မတော်တရပ်ပဲ ရှိမယ်တိုတာ သဘောထားရှိတယ်။ နောက်ပြီး ၆ လတကြိမ် အစည်းအဝေးမှာ ဒီကိစ္စ ကျနော်တို့ ပြန်ဆွေးနွေးရမှာပေါ့။”

ဒီကေဘီအေ မြ၀တီရုံး ဆက်ဆံရေး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်ကတော့ ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး   ဗဟိုကော်မတီက တစုံတရာ  ထုတ်ပြန်တာ မရှိသေးဘူးလို့   ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကာကွယ်ရေးဌာန တာဝန်ခံ စောရောဂျာခင်က တော့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းပြီး ကော်သူးလေတပ်မတော်အဖြစ် ဖွဲ့စည်းမှုဟာ ကရင်အမျိုးသားအစည်းအရုံးနဲ့ မသက်ဆိုင်ဘူးလို့  အောက်တိုဘာ ၁၄ ရက်နေ့ရက်စွဲနဲ့လက်မှတ်ရေး ထိုးထုတ်ပြန်လိုက်ပါတယ်။

ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်း ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးမှုဟာ ကေအန်ယူလက်အောက်မှာရှိတဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ဒုတိယဦးစီးချုပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (ကေအန်ဒီအို) ဦးစီးချုပ်တို့ရဲ့ သဘောထားအပေါ်မှာသာ ဆောင်ရွက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်အမျိုးသားလက်နက်ကိုင်တပ်များပြန်လည်ပေါင်းစည်းခြင်းကို ၁၅ ကြိမ်မြောက် ကေအန်ယူကွန်ဂရက်ကချမှတ်ထားတဲ့မူဝါဒနဲ့အညီ ကေအန်ယူ စစ်ဦးစီးချုပ်က ဦးစီးပြီး ကရင် လက်နက်ကိုင်တပ်များ စည်းလုံးညီညွတ်ရေးကော်မတီက အကောင်အထည်ဖော်နေတယ်လို့ ထုတ်ပြန်ရှင်းလင်းထားပါတယ်။

 

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013