လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးကိုင်တွယ်မှုအပေါ် ဗြိတိန်စိုးရိမ်
DVB
·
October 14, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးကိုင်တွယ်နေမှုအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း ဗြိတိန်အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို မနေ့က ခေါ်ယူပြီး ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက စုံစမ်း စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှမျှတတ ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုပါတယ်။
[caption id="attachment_67764" align="alignright" width="425"] ဗြိတိန် ၂ ဦး အသတ်ခံရမှုအတွက် ဒီအန်အေ စစ်ဆေးမှုများ ထိုင်းရဲတပ်ဖွဲ့ ပြုလုပ်စဉ်[/caption]
ဒါ့အပြင် သေဆုံးသူမိသားစုတွေက စုံစမ်စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ပုံမှန် သိရဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ ဖြစ်စဉ်တွေမှာ ကူညီဖို့ ဗြိတိန်ရဲတပ်ဖွဲ့က အသင့်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတွေက နှိပ်စက် ညှဉ်ပန်းတဲ့ အစီရင်ခံစာတွေအပေါ်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးရုံးက စိုးရိမ်ပူပန်တယ်လို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။