DVB Logo
Home
မြန်မာသတင်း
အဆင့်မြင့်ပညာရေးစီမံချက် ကမ္ဘာ့ဘဏ်နှင့် မြန်မာ လက်မှတ်ထိုး
DVB
·
October 13, 2014
အဆင့်မြင့်ပညာရေးစီမံချက် ကမ္ဘာ့ဘဏ်နှင့် မြန်မာ လက်မှတ်ထိုး
Donate to DVB

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ကျောင်းသားနဲ့ ကျောင်းသူတွေအတွက်  ပညာရေး ကူညီပေးမယ့် အစီအစဉ်တခုကို  မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ အမေရိကန်ပြည်ထောင်စု  ၀ါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုး သဘောတူလိုက်ပါတယ်။

မြန်မာပြည်အတွက် အရည်အသွေးမြင့် ပညာရေးဆိုင်ရာစီမံချက် သဘောတူညီချက်ကို ၀ါရှင်တန်ဒီစီမှာ ကျင်းပတဲ့  ကမ္ဘာ့ဘဏ်ရဲ့ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်လာတဲ့  မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နဲ့ ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေ  အောက်တိုဘာ ၁၁ ရက်နေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရဲ့ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၈၀ အပြင် သြစတြေးလျအစိုးရကလည်း အလှူရှင်တွေရဲ့ စုပေါင်း ရန်ပုံငွေက တဆင့် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၂၀ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကူညီသွားဖို့  သဘောတူညီချက်မှာပါ ရှိပါတယ်။

ဒီစီမံကိန်းကနေတဆင့် ကျောင်းသူနဲ့ ကျောင်းသားပေါင်း ၈ သန်းကျော်လောက် တက်ရောက်ပညာ သင်ယူနေကြတဲ့ နိုင်ငံတ၀န်းက စာသင်ကျောင်းတွေနဲ့ နွမ်းပါးတဲ့ ကျောင်းသား ၁ သိန်းလောက် ကျောင်းဆက်နေနိုင်ရေးအတွက်လည်း ငွေကြေး အကူအညီတွေ ရနိုင်တယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာကျောင်းသားတွေကို ပညာရေးကူညီပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲမှာ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးလင်းက ပြောပါတယ်။

“ဒီစီမံကိန်းမှာ အပိုင်း ၂ ခု ပါပါတယ်။ ပထမတခုကတော့ ကျောင်းတွေကို သူတို့ရဲ့ကျောင်းမှာ သုံးမယ့်ငွေကြေးကို ပိုမိုရရှိအောင် ဆောင်ရွက်ပေးမယ့် စီမံကိန်းပါ။ ဒုတိယတပိုင်းကတော့ ကျောင်းသားတွေ ပညာဆက်လက်သင်နိုင်ဖို့ အတွက် ပေးမယ့်ထောက်ပံ့ကြေးဆိုပြီး ၂ ပိုင်း ရှိပါတယ်။ ပထမ ကျောင်းတွေကို ပေးမယ့် ထောက်ပံ့ကြေးကတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ကျောင်းတွေ အကုန်လုံး လက်ရှိရနေတဲ့ ငွေကြေး ပမာဏာထက် ပိုပြီးတော့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီကျောင်းသားတွေကို ပေးတဲ့ ထောက်ပံ့ကြေးကျတော့ လောလောဆယ် မြို့နယ် ၄၀ မှာ ဆောင်ရွက်သွားဖို့ ရွေးချယ်ထားပါတယ်။ ဒီလို ရွေးချယ်တဲ့နေရမှာ ဆင်းရဲနွမ်းပါးမှု မြင့်တာရယ်၊ ကျောင်းထွက်နှုန်းများတဲ့ မြို့နယ်တွေပေါ့နော်။  ကျောင်းသားတွေ ကျောင်းကို ပြီးဆုံးအောင် မတက်နိုင်ဘဲနဲ့ ကျောင်းထွက်နှုန်းများတဲ့ မြို့နယ်တွေရွေးပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ”

ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသား သန်းပေါင်းများစွာအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်သလို ဆင်းရဲလို့  ကျောင်းထွက်ရတဲ့ ကျောင်းသူကျောင်းသားအရေ အတွက်လည်း နည်းလားမယ်လို့  ယုံကြည်တယ်လို့လည်း ဦးကျော်စိုးလင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ် စုစုပေါင်းရဲ့  ၂၀ ရာခိုင်နှုန်းဟာ  ကျောင်းပညာရေး ပြီးဆုံးအောင် မတက်နိုင်ကြဘဲ ရှိနေတာပါ။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီကတော့  လာမယ့် ၂၀၁၅-၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကျော်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ဘီလီယံ ၁၁၀ ကျော် သုံးစွဲသွားမယ်လို့   စက်တင်ဘာလက  ပြောကြာခဲ့ပါ တယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ ပညာရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပြီး ဒီငွေတွေကို အသုံးပြုပြီး မသင်မနေရ သူငယ်တန်းတွေ ထပ်တိုးဖို့၊ ဝေးလံခေါင်ဖျားဒေသတွေမှာ ကျောင်းအခြေပြု မူလတန်းကြိုအတန်းတွေ ဖွင့်လှစ်ဖို့၊ နယ်စပ်ဒေသ ကျောင်းတွေကို အဆင့်မြှင့်ဖို့နဲ့ ဒီဂျစ်တယ်စာကြည့်တိုက်တွေ တည်ထောင်ဖို့ စတဲ့ နေရာတွေမှာ သုံးစွဲသွားမယ်လို့ လည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013