DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အမှုတွဲ အစိုးရရှေ့နေကောင်စီ လက်ခံ
DVB
·
October 13, 2014
လိပ်ကျွန်းလူသတ်မှု အမှုတွဲ အစိုးရရှေ့နေကောင်စီ လက်ခံ
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို သက်ဆိုင်ရာရှေ့နေများကောင်စီက လက်ခံလိုက်ပြီး တရားရုံးကို တင်တော့မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့က အမှုတွဲကို ထပ်မံပေးပို့ရာမှာ အားနည်းချက်တွေ မတွေ့ရတော့တဲ့အတွက်  အောက်တိုဘာ ၁၄ ရက်နေ့ကျရင် ကော့ဆမွီခရိုင်တရားရုံးကို ပေးပို့ မယ်လို့ ကော့ဆမွီခရိုင်အစိုးရရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိန်ကျိုင်က ပြောကြောင်း ချနယ် ၇ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

01-300x209အမှုတွဲတည်ဆောက်တဲ့ ထိုင်းရဲတွေဟာ လူသတ်တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရတဲ့ မြန်မာလူငယ် ၂ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့က ထပ်မံ စစ်ဆေးမေးမြန်းခဲ့ပြီး အမှုခိုင် လုံအောင် နောက် ထပ် ပြစ်ချက်တစ်ခု ထပ်မံဖြည့်စွက် လိုက်တာ ဖြစ်ပါတယ်။

စစ်ဆေးမေးမြန်းချက်ကို တရားခံတွေက ကျူးလွန်ကြောင်း ၀န်ခံခဲ့တဲ့အတွက် ပုဒ်မ ၂၈၉ (၇) အရ မိမိကျူးလွန်ထားတဲ့ အမှုကို ဖုံးကွယ်တဲ့အနေနဲ့ တပါးသူကိုပူးပေါင်းသတ်ဖြတ်တဲ့ အမှုနဲ့ ထပ်မံစွဲဆို လိုက်တယ်လို့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ပရ၀င်း ဖုန်းဆီရင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း  ကော့ဆမွီခရိုင် အစိုးရရှေ့နေများကောင်စီကို တကြိမ် ပေးပို့ခဲ့ပေမယ့် ခရိုင်ရှေ့နေဘက်က အမှုတွဲ မခိုင်လုံလို့  ပြန်ပို့ခဲ့ရာက အမှုခိုင်လုံအောင်တည်ဆောက်တဲ့အနေနဲ့ ခုလိုပြစ်ချက် ထပ်မံဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။

အခုလို စွဲချက်တွေ ထပ်မံဖြည့်စွက်လိုက်တာကြောင့် ခိုတောင်ကျွန်းက မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းဦးတို့ ၂ ဦးဟာ လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ညအမှောင်မှာ ပစ္စည်းခိုးယူမှု၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ စုစုပေါင်း စွပ်စွဲချက် ၅ မှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်တွင်းပြည်ပ လူမှုကွန်ရက်စာမျက်နှာတွေမှာရော၊ ထိုင်းနိုင်ငံက မှုခင်းဆေးသိပ္ပံပညာရှင် ဒေါက်တာ ဖွန်းထစ်ကပါ ဒီအမှုဟာ ဖုံးကွယ်ထားတဲ့ အမှုလို့ ပြောဆို သုံးသပ်ထားပြီး ထိုင်းရဲတပ်ဖွဲ့ဟာလည်း သံသယမေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာအလုပ်သမား လူငယ် ၂ ဦးအတွက် တရားမျှတမှုရှိစေဖို့ ထိုင်း-မြန်မာသံရုံးနဲ့ ထိုင်းရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း တဘက်တလမ်းကနေ ဆောင်ရွက်နေပါတယ်။

လောလောဆယ် ထိုင်းရှေ့နေ ၂ ဦးနဲ့ မြန်မာရှေ့နေ တဦး ပေါင်း ၃ ဦးတို့ရှိပြီး မနက်ဖြန်မှာ ကော့ဆမွီသွားဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းရှေ့နေများကောင်စီကတော့ တရားရုံးကို တင်လိုက်ပြီဆိုရင် သူတို့က အစိုးရရှေ့နေအနေနဲ့ စစ်ဆေးမယ့်သူပါ။ ကျနော်တို့ ဘက်ကတော့ ထိုင်းရှေ့နေတွေ ပူးပေါင်းအဖွဲ့တွေ ပါဝင်ပြီးတော့ တရားခံဘက်က ခုခံကာကွယ်မယ့်အဖွဲ့ပါ။ သူတို့က အရင်ကတည်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဥပမာလွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာအမျိုးသမီး ၂ ယောက် မုဒိမ်းကျင့်ခံရတဲ့ ကိစ္စမှာ သူတို့ ဆောင်ရွက်ပေးခဲ့တယ်။ ကျနော်တို့နဲ့ ပူးတွဲဆောင်ရွက်လာတဲ့ လေးငါးနှစ်တွင်းမှာ အမှန်ဘက်ကနေရပ်တည်ပေးခဲ့တယ်။”

မြန်မာလူငယ် ၂ ဦးဘက်ကနေ လျှောက်လဲချက်ပေးမယ့် ထိုင်းရှေ့နေ ၂  ဦးမှာ ခွန်ထနွန် ကချုပ်နဲ့ ခွန်ချည်တို့ ဖြစ်ကြပြီး ယခင်ကလည်း မတရားမှုတွေကို လူမျိုးဘာသာမခွဲခြားဘဲ လိုက်လံဆောင်ရွက်ပေးတဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။

မြန်မာအလုပ်သမား လူငယ် ၂ ဦး အတွက် တရားမျှတမှုရှိစေဖို့ မြန်မာသံရုံး အပြင် ၊ ထိုင်းရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တွေကလည်း တဘက်တလမ်းကနေ ကူညီ ဆောင်ရွက်ပေးနေပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး၊ ဗြိတိသျှသံရုံး နဲ့ ထိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း တွေ့ဆုံဆွေးနွေးမယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013