ဆယ့်ရှစ်အိမ် သို့မဟုတ် ဘ၀သစ်တို့ မွေးဖွားရာနေရာ

အပြင်ဘက်ကို ထုတ်ကာ လွှားထားတဲ့ အ၀တ်ပုဆိုးတွေက တိုးလိုးတွဲလောင်း၊ သွပ်မိုး ၀ါးထရံကာ အစိမ်းရောင် သင်္ဘောဆေးသုတ် ၂ ထပ် အဆောင်ဂေဟာတခုက  သမ္ဗန်ပျက်၊  သင်္ဘောပျက်တစီး သဏ္ဌာန်အလား။ HIV 3ဒီနေရာနဲ့ ဒီဂေဟာကို  မြန်မာပြည်က HIV- AIDS ဝေဒနာရှင်တွေ အကြားမှာတော့ ၁၈ အိမ်လို့ သိထားကြပါတယ်။ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၈/ခ)ရပ်ကွက်က အိမ်အမှတ် ၃၇၆ မှာ တည်ရှိတာကို အမှတ်အစွဲပြုလို့ ၁၈ အိမ်လို့  အများကခေါ်ဝေါ်ကြတာပါ။ ဒီရပ်ကွက်ထဲက ကမ္ဘောဇ ၂ လမ်းထဲကို ချိုးဝင်လို့ မညီမညာခင်းထားတဲ့ ဂ၀ံကျောက်ခင်း လမ်းကြမ်းကြမ်းကို မိနစ်အနည်းငယ်ကြာ ဖြတ်လျှောက်လိုက်တယ် ဆိုရင်ပဲ “ Welcome To Home”  လို့ အ၀င်ပေါက်ဝ အုတ်ရိုးတိုင်ရဲ့ တဖက်တချက်မှာ ရေးထားတဲ့ ဒီဂေဟာကို ရောက်ပါတယ်။ ဂေဟာ ခြံဝန်းရှေ့အပေါက်ဝမှာတော့  AIDS ဝေဒနာရှင်တချိုနဲ့ လူနာစောင့် တချို့က  ပလတ်စတစ် ထိုင်ခုံတွေနဲ့ သက်သောင့်သက်သာထိုင်လို့  စကားဝိုင်းဖွဲ့လို့ တွေးလို့ ငေးလို့ပေါ့။ HIV2“ကျနော်လည်းလူနာပါပဲ၊ ကိုယ်တိုင်လည်း လူနာဆိုတဲ့ အတွက်ကြောင့်မလို့ သူတို့နဲ့ အတူတူတွဲပြီး လုပ်ရတဲ့အခါကျတော့ သူတို့ရဲ့ စိတ်ပေါ့နော်၊ ဒီဝေဒနာဖြစ် လာတဲ့အခါမှာ လူနာတယောက်က ဘယ်လိုစိတ်ရှိတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း လူနာဆိုတဲ့ အတွက်ကြောင့် သိတယ်။ သိတဲ့အခါကျတော့ သူတို့ကို အတွင်းကျကျ အားပေးနိုင်တယ်။ အတွင်းကျကျ ကုသမှုတွေ ပေးနိုင်တယ်” လို့ ဒီဂေဟာမှာ လူနာတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေကို အားတက်သရော ကူညီဆောင်ရွက်ပေးနေတဲ့ အသက် ၇၀ ကျော်အရွယ် ဦးသိန်းဌေးက ပြောပါတယ်။ ၀၀ပုပု ဂင်တိုတိုနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာနဲ့ ပုဆိုးတိုတို ၀တ်ကာ သွက်လက် လှုပ်ရှားနေတဲ့သူကို ရုတ်တရက် အပြင်ပန်းကြည့်လိုက်ရင်တော့ သူကို ဝေဒနာရှင် တယောက်လို့ ဘယ်သူကမှ ထင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီဂေဟာမှာတော့ သူကို လူနာတွေက ဦးဝတုတ်လို့ ချစ်စနိုး ခေါ်ကြတာပါ။ [caption id="attachment_67578" align="alignright" width="300"]ဦးသန်းဌေး ဦးသန်းဌေး[/caption] “ဒီရောဂါ ကူးစက်တာကို ပြောရမယ်ဆို ရင်တော့ သီချင်းလေးတပုဒ်ကို သိထားရလိမ့်မယ်။ မြန်မာ သီချင်းတပုဒ် ပန်းနဲ့ပေါက်တာလည်း နာကျင်တယ်ဆိုတာ ကြားဖူးလား၊ အဲဒါကြောင့်မလို့ပါ။” “ပြည်ဖုံးကားချပ်ချတဲ့ ကန့်လန့်ကာကို အဘ မဖွင့်ပြပါရစေနဲ့၊  မြန်မာနိုင်ငံထဲမှာ အဘလုပ်ခဲ့တာ ကျူတာ လုပ်ခဲ့ဖူးတယ်။ မွေးတာက ရန်ကုန်မှာ မွေးတာပါ။ ကန့်လန့်ကာလေးကို နည်းနည်းလေး တင်လိုက်မယ်ဆိုရင်တော့ ၄ တန်း အောင်တယ်၊ ကျတယ် မသိခင်မှာ အဖေနဲ့ တနေရာကို ပါသွားတာပေါ့။ ကူးစက်ခံရတဲ့နေရာ အတိအကျ ပြောရမယ်ဆိုရင်တော့ စင်ကာပူမှာ ဖြစ်တာပါ။” ဒီရောဂါ ကူးစက်ခံခဲ့ရတဲ့ အဖြစ်နဲ့ ပတ်သက်ပြီး ဦးဝတုတ်က ပြောပြသွားတာပါ။ သူ့လိုပါပဲ၊ အကြောင်းအမျိုးမျိုး၊ ဘ၀ပေးအခြေအနေအမျိုးမျိုးကြောင့် မတူ ကွဲပြားတဲ့ ပုံစံတွေနဲ့ HIV ကူးစက်ခံခဲ့ရပြီး မြန်မာပြည် အရပ်ဒေသအနှံ့ကနေ ရောက်လာတဲ့ လူနာတွေက ဒီဂေဟာမှာ ရာနဲ့ ချီပြီး ခိုလှုံနေကြတာပါ။  တချို့က ထိုင်လို့၊ တချို့က လဲလျောင်းလို့ပေါ့။ ရန်ကုန်တနေရာမှာ ထမင်းရောင်းတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးကတော့ ရောဂါကူးစက်ခံခဲ့ရတဲ့သူရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး “သိခါစကတော့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ပေါ့။ ဒီလိုရောဂါ တခြားရောဂါတွေနဲ့ မတူဘူးဆိုတာ သိထားတော့ ၀မ်းနည်းပြီး ငိုတာပေါ့။ ထမင်းတောင်မစားဘူး။ နေ့ချင်းညချင်း ချုံးကျပြီးတော့ ပိုဆိုးတယ်လေ။ ရောဂါက၊ ဒီမှာသိတော့ ဒီလာတဲ့ အခါကျတော့ ဒီမှာ လူတိုင်းက အားရှိစရာတွေချည်းပဲလေ၊ အားပေးစကားလည်း ပြောတယ်။ ကောင်းတာလည်း ကျွေးကြပါတယ်။ စိတ်ကို မြှင့်တင်လိုက်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ”လို့ ပြောပါတယ်။ အလားတူ ဒီဂေဟာမှာ ကျန်းမာရေးအကူအညီ လာတောင်းခံနေတဲ့  မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်းက  အဝေးပြေးကုန်တင်ကားမောင်းတဲ့ အသက် ၄၀ ကျော် အမျိုးသားတဦးက “ငယ်ငယ်တုန်းကတော့ နည်းနည်းပါးပါး မသိခင်တုန်းကတော့ ရှုပ်ခဲ့ဖူးတာပေါ့။ လူငယ်တို့ သဘာဝပေါ့။ ပထမပိုင်းတော့ နှစ် ပတ်လောက်ကတော့ တောမှာပဲ ငှက်ဖျားလိုလို ဘာလိုလို ဒိပြင်ရောဂါဆေးတွေ ဘာတွေ သောက်နေတာနဲ့ ကြာသွားတယ်။ ၁ ပတ်လောက်ကြာမှ ရွာက ဒီမှာလာကုတဲ့ တယောက်က သူက ညွှန်းတာနဲ့ပဲ ဒီရောက်လာတာ။ ဖြစ်ခါကစတော့ နည်းနည်းဝမ်းနည်းတာပေါ့။ ဒီရောက်တဲ့နောက်ပိုင်း ဆေးတွေဘာတွေ သောက်နေရတယ်ဆိုတော့ အဆင်ပြေတယ်။ ဆေးလည်း ရှိတယ်ဆိုတော့ အားတက်ပါတယ်”လို့ ပြောပါတယ်။ ဒီဂေဟာကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ၂၀၀၆ ခုနှစ်မှာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မင်္ဂလာတောင်ညွန့်မြို့နယ်  ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့  မိသားစုပိုင်  နေအိမ်ခြံဝန်းအတွင်းမှာ အခက်အခဲတွေ၊ အဟန့် အတားတွေကြားက ကြိုးစားပြီး ဖွင့်ခဲ့ရတာပါ။ ဒီဂေဟာရဲ့ ကနဦးအစနေ့ရက်တွေအကြောင်းကိုတော့ ဒေါ်ဖြူဖြူသင်းက ခုလို ပြန်ပြောင်း ပြောပြပါတယ်။ HIV“လူနာ ၆ ယောက်ကို ဒီအိမ်မှာ စထားဖြစ်တာ၊ အဲဒီတုန်းကတော့ တခြားနေရာတွေ နည်းတူပဲ အခက်အခဲတွေ အများကြီး ကျမတို့ ကြုံခဲ့ရတယ်။ အဓိက ပတ်ဝန်းကျင်ပေါ့  အများကြီး သတိထားရတယ်။ လူနာတွေ လိုအပ်မှ အပြင် ထွက်တာမျိုးတို့၊ မလိုအပ်ရင် အိမ်ထဲမှာ နေရတဲ့ ပုံစံမျိုးတွေ နေခဲ့ရတာ ရှိတယ်။ နောက်ပိုင်း ကျတော့ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုပြီးတော့ ၂၀၀၆ - ၂၀၀၇ လောက်မှာ ကျမတို့က အိမ်ရှင်ဆိုတော့ ကျမ အမေကိုခေါ်ပြီးတော့ ရပ်ကွက်ထဲက ရ၀တတို့၊ ဘာတို့က  လူနာတွေကိုလည်း ခေါ်တယ်။ အိမ်ပိုင်ရှင်ကိုလည်း ခေါ်တယ်။ ဒီမှာ မထားဖို့ဆိုပြီး အဲဒီတုန်းကလည်း တစ်ခါ ကျမတို့ကို မောင်းထုတ်တာမျိုးတွေ ရှိခဲ့တယ်။” ၂၀၁၀ နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက်  ဒီဂေဟာကိုလည်း လာရောက်ကာ HIV လူနာတွေနဲ့ တွေ့ဆုံအားပေး စကားပြောကြားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့  ဒီဂေဟာအကြောင်း ကမ္ဘာ့မီဒီယာတွေ စာမျက်နှာ မြင်တွေ့လာရသလို လူသိ ပိုများလာခဲ့ပြီး  လူနာတွေလည်း အရင်ကထက်  ပိုများလာတယ်လို့ ဒီဂေဟာကို ဦးစီးလုပ်ကိုင်ပေးနေသူ တဦးဖြစ်တဲ့ ဦးရာဇာက ပြောပါတယ်။ ဒီဂေဟာနားမှာ နေထိုင်တဲ့ အိမ်နီးနားချင်းတဦးကတော့ ခုလိုရပ်ကွက်ထဲမှာ ဒီဂေဟာ ရှိနေတာနဲ့ ပတ်သက်လို့  “ကျနော်တို့ကတော့ ဒီလိုပဲနေနေကြတာပဲ၊ အိမ်ဘေးနားကို အန္တရာယ်တော့ မပြုဘူး။ ရောဂါဘာညာနဲ့ ပတ်သက်ပြီး သူတို့ သန့်ရှင်းရေးတွေ လုပ်တယ်။ မိလ္လာတွေ ဘာတွေကိုလည်း ကားတွေဘာတွေနဲ့ ဆွဲထုတ်တယ်။ အနံ့အသက်တွေ ဘာတွေ မရှိဘူး။ သူတို့က တခြားကိုတော့ အသွားအလာ မရှိဘူး။ လာတယ်။ လာပြီး ဒီမှာပဲ တည်းတယ်။ ဆေးထုတ်တယ်ပေါ့။ ကျန်တာတော့ ကျနော် မသိဘူး။ ကျနော်တို့အတွက်ကတော့ အနှောင့်အယှက် မဖြစ်ဘူး။ မဖြစ်လို့လည်း ခုလို နေနေတာပေါ့။ အနှာင့်အယှက်ဖြစ်တယ်ဆိုရင်လည်း ပြောရမှာပဲ။  တခြားတနေရာရာမှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆောက်အဦးကြီးတွေ ဘာတွေ လုပ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီမှာကတော့ ရပ်ကွက်နဲ့ အများစု နေရတော့ ကျနော်တို့ ကျေနပ်သလို ကျန်တဲ့လူက ကျေနပ်ချင်မှ ကျေနပ်မှာကိုး။ အရင်တုန်းကတော့ တချို့လက်မှတ်တွေ ဘာတွေ ထိုးပြီးတော့ ကန့်ကွက်တာ၊ ပြောကြတာတွေ ရှိတယ်။  ဒီရောဂါကတော့ ပြဿ   နာ မရှိဘူး။ HIV နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့လည်း သဘောနည်းနည်း ပေါက်တယ်။ အရေးကြီးတာက တီဘီတို့ ဘာတို့ အဲဒီရောဂါတွေ ဘာတွေ ကြောက်တယ်”လို့ ပြောပါတယ်။ ခုဆိုရင်တော့  ဒီဂေဟာမှာ လူနာတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ ကူညီ စောင့်ရှောက်ပေးဖို့ လိုက်လာသူတွေ စုစုပေါင်း ကလေးနဲ့ လူကြီး ၁၀၀ ကျော်လောက် အတွက် စားသောက်စရိတ်၊ ခရီးစရိတ်နဲ့ ဆေးဝါးခကအစ နေရေးထိုင်ရေး တာဝန်ယူပေး နေရတာပါ။ ဒါပြင် ကျန်းမာရေးကောင်းစပြုနေတဲ့ လူနာအမျိုးသမီးတွေအတွက် နေ့လယ်နေ့ခင်း စက်ချုပ်နိုင်မယ့် နေရာလေးတခုလည်း ဒီဂေဟာမှာ ဖန်တီး ပေးထားပါတယ်။ HIV1ခင်ပွန်းသည်ဆီက  ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးတဦးကတော့ “ကျမ အမျိုးသားကနေ ကူးတယ်လို့ ထင်တာပဲ၊ အမျိုးသား ဆုံးတာ ၁၀ နှစ်ရှိသွားပြီ။ အမျိုးသား အဲဒီရောဂါ ရှိတယ်လို့ သိလိုက်တုန်းကတော့ တနေ့နေ တချိန်ချိန် ကိုယ့်မှာ ရှိလာလိမ့်မယ်လို့ ယူဆတယ်လေ။ ဒီမှာတော့ နေကောင်းတဲ့ လူတွေလည်း ရှိကြတယ် ဆိုတော့ ဒီကို ရောက်တော့ အားရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာအောင် နေတယ်။ ဒီနေ့ဒီအချိန်အထိတော့ ဒီ(စက်ချုပ်) အလုပ်ကို လုပ်နေတယ်၊ နောက်ကျမှတော့ ဘာလုပ်မလဲ မဆုံးဖြတ်ရသေးဘူး”လို့  စက်ချုပ်နေရင်းနဲ့  သူဘ၀ သူ့အကြောင်းကို ပြောပြပါတယ်။ ဒီဂေဟာကို လာရောက်ကြသူအများစုဟာ သူတို့နေထိုင်ရာဒေသတွေမှာ ဆေးဝါး အကူအညီ ရဖို့ ခက်ခဲလွန်းတာကြောင့် လာရောက် နားခိုရင်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူရင်းနဲ့ အသက် ဆက်ရှင်သန်ခွင့်ရဖို့ ဆေးဝါးအကူအညီတွေ ရဖို့ မျှော်လင့်တကြီးနဲ့ ရောက်လာခဲ့ကြတာပါ။ လူနာတဦးကတော့ သူတို့အတွက် အဓိက လိုအပ်ဆုံးအရာနဲ့ ပတ်သက်ပြီး “အဓိက လိုအပ်ဆုံးကတော့ ဆေးဝါးပဲ။ လက်ရှိ ဒီဆေးထက် ပိုကောင်းမွန်တဲ့ ဆေးဝါးတွေ ရရင်တော့ ပိုပြီး ကောင်းမယ်။ ကျနော်တို့ HIV သမားတွေအတွက် ပိုပြီး ၀မ်းမြောက်စရာ ဖြစ်တာပေါ့။ အခက်အခဲကတော့ ရှိပါတယ်။ တချို့ကတော့ ဒီရောဂါကို သိပ်ပြီး နားမလည်ကြဘူးပေါ့။ ဒီရောဂါလက္ခဏာက ဆိုးရွားတယ်ပေါ့။ အဲတော့ အဖက်မတန်ချင်ဘူးပေါ့။ အဲလို သဘောမျိုးတွေ ရှိကြပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး အကြံပေးချင်တာကတော့ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးတယ်ပေါ့။ ဘာကြောင့်ဖြစ်လဲဆိုတာကတော့ ခုလူငယ်တွေ သိကြပါတယ်။ အဲဒီအတွက် အထွေအထူးတော့ မပြောချင်ဘူး။ မဖြစ်အောင် ကြိုးစားသင့် တာပေါ့” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ  HIV ပိုးကူးစက်ခံနေရသူပေါင်း ၁၉၂,၀၀၀ လောက်ရှိတဲ့အနက်  ART ရောဂါတန့်ဆေးစားဖို့ လိုနေသူပေါင်းက ၁၂၀,၀၀၀ လောက် ရှိမယ်လို့  မြန်မာနိုင်ငံ အမျိုးသား AIDS ရောဂါတိုက်ဖျက်ရေး အစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိ ရောဂါကူးစက်ခံနေရသူတွေရဲ့ တ၀က်ကျော်လောက်ကို အစိုးရနဲ့ အန်ဂျီအိုတွေက ဆေးဝါးကူညီပေးနိုင်သေးပြီး လာမယ့် ၂၀၁၆ ခုနှစ်လောက်မှာ အားလုံးအတွက် ဆေးဝါး အကူအညီရနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ ပြီးရင် HIV ဖြစ်ပွားနှုန်း အမြင့်မားဆုံးနိုင်ငံ တခု ဖြစ်ပါတယ်။ ၁ နှစ်ကို ဒီရောဂါနဲ့ ဆက်နွှယ်လို့ သေဆုံးသူပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ လောက် ရှိနိုင်တယ်လို့  UNAIDS အဖွဲ့က ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲပဲ  နေပြည်တော်ပျဉ်းမနားမှာ ဒီရောဂါဝေဒနာရှင်တဦး ဘ၀ကို အရှုံးပေးပြီး ရေကန်ထဲ ဆင်းကာ ကိုယ့်ကိုယ်ကိုယ်  အဆုံးစီရင်သွားခဲ့တဲ့ စိတ်မကောင်းစရာဖြစ်ရပ်တခု ဖြစ်ပွားခဲ့ဖူးပါတယ်။ HIV5တောင်ဒဂုံ HIV ဂေဟာမှာ  ဘ၀တူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဦးဝတုတ်ကတော့ ဝေဒနာ ရှင်တွေ အနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ် လို့ ပြောပါတယ်။ “ဒီဝေဒနာရှင်တွေဟာ ပထမဆုံးစဖြစ်ပြီဆိုရင်တော့ စိတ်ဓာတ်က ဟိုး မြေကြီး အောက် ကို ရောက်သွားတာပါပဲ။ ဒါ လူတိုင်းနီးပါးလို့ပဲ ထင်တယ်လေ။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုပဲ ခံစားရတယ်။ နောက်ပြီးတော့ ဒီဥစ္စာက ခွဲခြားဆက်ဆံတဲ့စနစ်က မြန်မာနိုင်ငံထဲမှာ တော်တော်များများ ရှိနေသေးတယ်လေ။ ရှိနေသေးတဲ့အခါကျတော့ ငါဘာဆက်လုပ်မလဲ ဘယ်လိုအသက်ရှင်အောင် ကြိုးစားမလဲ။ တကယ်လို့ အသက်မရှင်တော့ဘူးဆိုရင်လည်း ငါဘ၀ကြီးတခု ဆုံးသွားမယ်။ အဲဒီတော့ စကားပုံတခု ရှိတယ်လေ။ လူဆိုတာ နှစ်ခါ မသေရဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ဒီဝေဒနာရှင် အဘတို့အနေနဲ့ကြတော့ နှစ်ခါ သေဖူးသွားပြီ။ ပထမ တဘ၀အတွက် အဘတို့က ပြည်ဖုံးကား ချလိုက်ပြီ။ ချလိုက်ပြီးတဲ့အခါကျမှ ဒီဝေဒနာရှင် HIV  ပေါ့စတစ်ဝေဒနာရှင်တစ်ယောက်အနေနဲ့ အခု ဆရာမကြီး ဒေါ်ဖြူဖြူသင်းရဲ့ ဒီ HIV ဂေဟာမှာ စေတနာ့ဝန်ထမ်းအဖြစ် လာလုပ်တဲ့အတွက်ကြောင့် အခု ဒီမှာဘ၀သစ်တခုကိုပြန်ပြီး ထူထောင် တာပေါ့နော်”လို့ ပြောပါတယ်။ သူလိုပဲ AIDS ဝေဒနာခံစားနေရသူတွေအားလုံး စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘ၀သစ်တခုကို  လူသက်တမ်းစေ့ နေထိုင်ဖြတ်သန်းနိုင်စေဖို့အရေးကတော့ အစိုးရတွေ အပါအ၀င်   မြန်မာလူမှုအသိုင်းအ၀ိုင်းတခုလုံးက တတ်အားသရွေ့  ၀ိုင်းဝန်း ကူညီဖေးမကြဖို့ အရေတကြီး လိုအပ်နေပါပြီ။ ဒါမှသာ သစ်ရွက်လေးတွေလိုပဲ လူမသိသူမသိ တဖြုတ်ဖြုတ်နဲ့ တိတ်တဆိတ် ကြွေကျကုန်နေတဲ့ဘ၀၊ ဘ၀တွေအတွက်တော့ မျှော်လင့်ချက်အားအင်တစုံတရာ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ကြောင်းပါ။ အသံဖိုင်နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up