DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းကိစ္စ နှစ်နိုင်ငံဆက်ဆံရေး အရေးကြီး
DVB
·
October 10, 2014
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးထားတဲ့ကိစ္စဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးတယ်ဆိုတာကို သဘောတူညီကြပြီး တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်ကြဖို့ သဘောတူညီကြပါတယ်။

[caption id="attachment_67447" align="aligncenter" width="487"]သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ်[/caption]

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရာမှာ ထိုင်းတောင်ပိုင်းလူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိစ္စကို ဆွေးနွေးရာမှာ သဘောတူညီကြတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “လိပ်ကျွန်းကိစ္စနဲ့ ပြောရမယ်ဆိုရင် သမ္မတကြီးက ပြောတယ်။ ပြောတယ်ဆိုတာက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအရေးကိစ္စမှာ ဆက်နွှယ်ပြီးပြောတာ။ ဘာပြောလဲဆိုတော့ ထိုင်းနိုင်ငံကိုရောက်ရင် ထိုင်းနိုင်ငံဥပဒေကို လေးစားလိုက်နာရမယ်။ အဲဒါကိုလက်ခံတယ်။ သို့သော်လည်းပဲ ဒီပြစ်မှုပေါ့နော် လူသတ်တယ်ဆိုတဲ့ ဖြစ်စဉ်ကြီးမှာတော့ ထိုင်းအစိုးရအနေနဲ့ တရားမျှတမှုရှိရှိ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုတယ်။ နောက်တချက်က ဒီကိစ္စမှာ တနိုင်ငံလုံး စိတ်ဝင်စားနေတယ်။ မီဒီယာတွေရော၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရော၊ အစိုးရရော၊ အားလုံးက မျက်ခြည်မပြတ်အနီးကတ် စိတ်ဝင်တစား ကြည့်နေတယ်။ အဲတော့ ဒီကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့လည်း ပတ်သက်ဆက်နွှယ်နေတယ်။ သူတို့ရဲ့ တရားဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့ သမ္မတကြီးက မေတ္တာရပ်ခံတယ်” လို့ ပြောပါတယ်။

"အဲဒီအပေါ် ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း ဒီကိစ္စဟာ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးတယ်ဆိုတာ သူနားလည်တယ်။ နောက်တချက်က နိုင်ငံတကာရဲ့ ယုံကြည်မှု၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ယုံကြည်မှု ရရှိအောင် သူတို့အနေနဲ့ အလေးထားပြီး ဆောင်ရွက်လျက်ရှိတယ်။ နောက် သူပြောတာက ဒီအမှုက တရားခံဆိုပြီး တိတိပပ သတ်မှတ်လို့မရသေးဘူး၊ ဒါနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု၊ အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားပါ့မယ်ဆိုပြီး အာမခံသွားတယ်။"

ဒါ့အပြင် အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင်ရော၊ တရားမ၀င်ရော ရှိနေတဲ့အနေအထားမှာ အလုပ်သမားမှတ်ပုံတင်ကို တိကျအောင် အရင်ဆုံး ဆောင်ရွက်နေကြောင်း၊ မှတ်ပုံတင်ရတာနဲ့ ထိုင်းနိုင်ငံသား အလုပ်သမားနည်းတူ အခွင့်အရေး အကာကွယ်ရအောင် ဆောင်ရွက်ပေးပါမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ကလည်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားကြောင်း ဦးဇော်ဌေးက ဆိုပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ခရီးစဉ်မှာ လိုက်ပါလာတဲ့ ထိုင်ဒုတိယ၀န်ကြီးချုပ်နဲ့ ဒီသတ်ဖြတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ အပြစ်မရှိသူ အပြစ်မခံရရေး သေချာစွာ စိစစ် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်ကလည်း လိပ်ကျွန်းကိစ္စနဲ့  တိကျမှန်ကန်တဲ့ အချက်အလက်တွေ ရရှိရေး၊ အမှန်တရား ရှင်းရှင်းလင်းလင်း သိရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြန်ကြားခဲ့ကြောင်း အစိုးရက သတင်းထုတ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013