DVB Logo
Home
မြန်မာသတင်း
ဒဏ္ဍာရီ ယဉ်ကျေးမှုကပွဲ ပုဂံမြေတွင် တင်ဆက်မည်
DVB
·
October 10, 2014
ဒဏ္ဍာရီ ယဉ်ကျေးမှုကပွဲ ပုဂံမြေတွင် တင်ဆက်မည်
1 / 2
Donate to DVB

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပုဂံခေတ်မြန်မာယဉ်ကျေးမှူ အကတွေနဲ့ သရုပ်ဖော်တင်ဆက်ကပြမယ့် ဒဏ္ဍာရီ အမည်ရှိ အနုပညာဖျော်ဖြေပွဲတခုကို ပုဂံမြေမှာ ကျင်းပဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် ပုဂံက စေတီဘုရား ပုထိုးတွေအနီးမှာ ညစာစားပွဲတွေနဲ့ ကပွဲတွေကို  ၂ နှစ်ကြာလောက် ပိတ်ပင်ထား ခဲ့ရာက ပုဂံမြို့ နန်းတော်ရာနေရာမှာ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစလို့ ကပွဲတွေ တင်ဆက်ဖို့ ပြည်တွင်းခရီးသွားလုပ်ငန်း ကုမ္ပဏီတခုက စီစဉ်နေတာပါ။

ဒီကပွဲကို စီစဉ်တဲ့ ပုဂံမြန်မာခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးမန်နေဂျာ ဒေါ်ဝင့်ဝါဖူးက အခုနှစ် ပြန်လည်ပြုလုပ်မယ့် ပုဂံခေတ် သရုပ်ဖော်ကပွဲတွေကို   ထိုင်းနိုင်ငံက ကပွဲတွေစီစဉ်တဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Index Creative Village ထံက နည်းပညာ အကူအညီယူ ဆောင်ရွက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပုဂံအကတွေ၊ ပုဂံဓလေ့တွေ၊ အ၀တ်အစားအပြင်အဆင်တွေ၊ အသံနဲ့စလိုက်မီး စနစ်တွေ အများကြီးပြန်သုံးထားပြီးတော့ သေသေချာချာကို ရှေးတုန်းက ကခဲ့တဲ့ ပုဂံ အကတွေကအစ သေသေချာချာကို ပြန်ထည့်ပေးထားတယ်။”

bagan show1ညစဉ် ၇ နာရီကစတင်ပြီး  မိနစ် ၈၀ ကြာဖျော်ဖြေမယ့် ဒီကပွဲမှာ လူပေါင်း ၂၀၀ ကျော်လောက်အထိ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ပွဲကြည့် ပရိသတ်တွေအတွက် ထိုင်ခုံ ၄၀၀ နီးပါး စီစဉ်ထားပေးမှာဖြစ်ပြီး ၀င်ကြေးကတော့ အစားအသောက်အပါအ၀င် ဒေါ်လာ ၅၀ လောက် အကြမ်းဖျင်း သတ်မှတ်ထားတယ်လို့ ပုဂံမြန်မာခရီးသွားလုပ်ငန်းကုမ္ပဏီက ပြောပါတယ်။

ဒီကုမ္ပဏီရဲ့ အရောင်းမြှင့်တင်ရေးမန်နေဂျာ ဒေါ်ဝင့်ဝါဖူးကတော့ နိုင်ငံခြားသားတွေရော မြန်မာခရီးသွားတွေပါ လာရောက်ကြည့်ရှုအားပေးနိုင်ပြီး  ပုဂံခေတ်မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက သိစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“ကျမတို့  ပုဂံဘုရင် အနော်ရထာတို့  အကြောင်းတွေ၊ ကျမတို့ ပုဂံရဲ့ရာဇ၀င်တွေ ယဉ်ကျေးမှူအကြောင်းတွေ သိသွားအောင်ရယ်၊ ရှေးတုန်းကဘုရင်တွေ ဘယ်လိုနန်းတော်နဲ့ ဘယ်လိုနေခဲ့တယ်။ ဘယ်လို ခမ်းနားကြီးကျယ်ခဲ့တယ်ဆို တာ ပြန်ပြချင်တာပေါ့နော်။ ပုဂံကိုရောက်ရင် နန်းတော်ကြီးကိုလည်း ရောက်ရမယ်။ နန်းတော်မှာဆိုရင် အရင်ဘုရင်တွေ ဘယ်လောက်တောင် ခမ်းနားခဲ့တယ်ဆိုတာ ပြချင်တာ။ နောက်တပိုင်းကကျတော့ ဒီမြန်မာပြည်ကိုလာရင် ပုဂံဆိုတာ မရောက်လို့မဖြစ်ဘူး ဆိုတာ ပြချင်တာ။”

ဖျော်ဖြေပွဲတွေကိုတော့ နိုဝင်ဘာလကနေ လာမယ့်နှစ် မတ်လအထိ ၆ လကြာ နေ့စဉ် ကျင်းပသွားဖို့ ရည်ရွယ်ထားပြီး ကပွဲတွေနဲ့အတူ ဒေသခံတွေအနေနဲ့ ရိုးရာ လက်မှုပစ္စည်းတွေနဲ့ ထွက်ကုန်တွေ ရောင်းချနိုင်မယ့် ညဈေးတန်းတခုလည်း နန်းတော်ရဲ့ ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ပေးသွားဖို့ ရှိနေပါတယ်။

ပုဂံချစ်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်ကတော့ ယဉ်ကျေးမှုကပွဲကို လက်ခံပေမယ့် နန်းတော်ရာထဲမှာ အရက်သေစာ ရောင်းရင်တော့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

“ဒဏ္ဍာရီကပွဲကို ကျနော်တို့က လက်ခံပါတယ်။ သူက ကျနော်တို့ရဲ့ မြန်မာ့အမွေအနှစ်တွေ၊ အနုပညာအမွေအနှစ်တွေကို ပြန်ပြီးဖော်ထုတ်မယ်၊ ဒါတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို လာအောင်ဆွဲဆောင်မယ်လို့ ပြောတယ်ဆိုတော့  ကျနော်တို့ ပုဂံဒေသအတွက်တင်မှမဟုတ်ဘူး မြန်မာတနိုင်ငံလုံးအတွက် လိုအပ်တယ်လေ၊ လိုအပ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ လက်ခံတယ်လေ။  ညစာစားပွဲနဲ့ ကပွဲကို ကျနော်တို့က လက်ခံတယ်။ ဒါပေမယ့် အဲဒီထဲမှာ အရက်သေစာရောင်းတာဆိုရင်တော့ ကျနော်တို့အနေနဲ့ လုံးဝလက်မခံဘူး။ အဲဒါဆိုရင်တော့ ကန့်ကွက်မယ်တားမြစ်မယ်။”

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း  စေတီဘုရားရင်ပြင်တော်တွေနဲ့ အနီးတ၀ိုက်မှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေအတွက် “Temple Dinner” ခေါ် ညစာစားပွဲတွေ ကျင်းပတာကို ဒေသခံတွေက ကန့်ကွက်ခဲ့လို့ ရှေးဟောင်းသုတေသန ဌာနက ၂၀၀၂ ခုနှစ်မှာ တရားဝင်ပိတ်ပင်ခဲ့ဖူးပါတယ်။

ဒဏ္ဍာရီကပွဲ နမူနာ ဗွီဒီယို
http://www.youtube.com/watch?v=1cvzjwaeNSQ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဒဏ္ဍာရီ ယဉ်ကျေးမှုကပွဲ ပုဂံမြေတွင် တင်ဆက်မည်